
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ အေးရိပ်ငြိမ်ရပ်ကွက်ရှိ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းမှာ ဇွန် ၂၀ ရက်က ကိုးတန်းကျောင်းသား ၂ ယောက်က စာသင်ခန်းထဲထိ ဝင်ရိုက်ခဲ့လို့ ကျောင်းသားတယောက် ဆေးရုံတင်ထားရတယ်လို့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။
ဇွန် ၂၀ ရက် မနက်က အထက ၃ အေးရိပ်ငြိမ်ကျောင်းက Grade 9 အခန်းမှာ ဆရာမစာသင်နေစဥ် ကိုးတန်းကျောင်းသား ၂ ယောက်က အခန်းထဲထိ ကျောင်းသားတယောက်ကို ဝင်ရိုက်ခဲ့တာလို့ ကျောင်းသားမိဘတယောက်က DVB ကို ပြောပါတယ်။
“အချင်းချင်း မကျေနပ်တော့ ဆရာမဆီက သန့်ရှင်းလုပ်ဖို့ ပေါက်တူးငှားပြီး ဝင်ရိုက်တာ၊ ခံရတဲ့ကောင်လေး ဆေးရုံတင်လိုက်ရတယ်၊ မသေလို့ တော်သေးတာပေါ့၊ ဒီလို လက်ရဲဇက်ရဲကလေးတွေကို ကျောင်းက ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးဖို့ကောင်းတယ်။”
ရိုက်နှက်ခဲ့တဲ့ ကိုးတန်းကျောင်းသား ၂ ယောက်မှာ မောင်ကျော်မိုးဝင်းနဲ့ မောင်လပြည့်နိုင် တို့ဖြစ်ပြီး ရိုက်နှက်ခံရတဲ့ ကျောင်းသားမှာ မောင်ပြည့်ဖြိုးနိုင် ဖြစ်ကာ ကော့သောင်းမြို့နယ် ဆေးရုံမှာ ဆေးကုသခံယူနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“သေသွားရင်တော့ ရဲအရေးပိုင်သွားပြီ။ အခုကိစ္စက ကလေးတွေလည်းဖြစ်တော့ မိဘအချင်းချင်းနဲ့ ကျောင်းက တာဝန်ရှိသူတွေ ရှင်းရမှာ။ ဆရာ၊ ဆရာမတွေအနေနဲ့ ကိုယ့်ကျောင်းအခြေအနေနဲ့ ကလေးတွေရဲ့ အခြေအနေကို စောင့်ကြည့်ရမယ်။ အခုကိစ္စမှာ မိဘတိုင်းက စိတ်ပူနေတယ်။”
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း မြောင်းမြမြို့နယ် အထက ၆ မှာ ကိုးတန်းကျောင်းသူ ၂ ယောက်က ကျောင်းသူတယောက်ကို အုပ်စုဖွဲ့ရိုက်နှက်ပြီး တောင်းပန်ခိုင်းတဲ့ ဖြစ်စဥ်ကိုလည်း ပညာရေးဝန်ကြီးဌာနက ဖြေရှင်းတာ မရှိသေးပါဘူး။
စစ်တပ် အာဏာသိမ်းပြီးနောက် ပညာရေးစနစ် နိမ့်ကျလာပြီး ပညာရေးထက် ကျောင်းသားတွေ ပျော်ရွှင်ရေးကို ဦးစားပေးနေတဲ့အတွက် ကျောင်းအတွင်း မူးယစ်ဆေးဝါး သုံးစွဲတာ၊ ခိုက်ရန်ဖြစ်ပွားတာကြောင့် သေဆုံးသူတွေလည်း ရှိပါတယ်။