Home
မြန်မာသတင်း
သာပေါင်းက ကျေးရွာအချို့ အုပ်ချုပ်ရေးမှူးကို ငွေပေးပြီး ဈေးဝယ်ထောက်ခံစာ လုပ်နေရ
DVB
·
June 23, 2025

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ် ကျေးရွာတချို့ကဒေသခံတွေဟာ ပုသိမ် အပါအဝင် တခြားဒေသတွေဆီက ကုန်ပစ္စည်းမှာယူဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ငွေပေးပြီး ထောက်ခံစာယူနေရတယ်လို့ သိရပါတယ်။

သာပေါင်းမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စုက ကုန်စုံရောင်းဝယ်ရေးလုပ်ငန်းရှင်တွေဟာ ပုသိမ်၊ သာပေါင်း၊ ရေကြည် စတဲ့မြို့နယ်တွေကနေ ကုန်ပစ္စည်းမှာယူရာမှာ ဇွန် ၂၀ ရက်ကစလို ကျေးရွာအုပ်ချုပ်ရေးမှူးဆီက ထောက်ခံစာယူပြီး မှာယူရောင်းချနေရတယ်လို့ ဆိုပါတယ်။

ဒေသခံ ကုန်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “တကြိမ်ဈေးမှာရင် တခါ ထောက်ခံစာလုပ်ရတာ။ ထောက်ခံစာလုပ်မှ ဈေးမှာခွင့်ပေးတာ။ ထောက်ခံစာတရွက်ကို ၅၀၀၀ ပေးရတယ်။ ဘာအတွက် အခုလိုလုပ်တာလဲတော့မသိဘူး။ ကုန်ပစ္စည်းက လိုအပ်သလိုမှာနေရတာ။ အိမ်ဆိုင်လေးတွေအနေနဲ့ ဈေးဝယ်ထောက်ခံချက်တခါလုပ်တခါ ၅၀၀၀ ပေးနေရတော့ မလွယ်ဘူး” လို့ ပြောပါတယ်။

သရက်ကုန်းကျေးရွာအုပ်စုထဲမှာ သရက်ကုန်း၊  အလယ်စု၊  ရေလဲကြီး၊ ဆိပ်ကြီး၊ ပေါက်လွှတ်၊ ဘုရားကြီး၊ ရွှေရင်မျှော်၊ လေပွေကုန်း၊ ကွင်းလယ်စု၊ ညောင်ကွင်း ဆိုတဲ့ ကျေးရွာ ၁၀ ရွာ ပါဝင်ပြီး အာရက္ခတပ်တော် AA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ နီးတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ဘာကြောင့်လဲဆိုတော့ လုံခြုံရေးနဲ့ PDF နဲ့အခြားတပ်တွေဆီကို ကုန်စည်တွေသယ်ယူမှာစိုးရိမ်ပြီး လုပ်တာလို့ ယူဆပါတယ်။ အခြားအကြောင်းအရင်းမရှိပါဘူး။ အုပ်ကြီးကတော့ သက်ဆိုင်ရာဘက်က ညွှန်ကြားချက်နဲ့ လုပ်နေတာလို့တော့ပြောတယ်။ ဒီဘက်က တိုက်ပွဲဖြစ်နေတဲ့ တောစပ်တွေနဲ့ အရမ်းနီးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက ကုန်စည်ဝယ်ယူခွင့် ထောက်ခံစာလုပ်ခိုင်းတဲ့အပြင် ထောက်ခံစာမလုပ်ဘဲ ကုန်ပစ္စည်းတွေဝယ်ယူလာရင် ဝယ်ယူလာတဲ့ကုန်ပစ္စည်းတွေကို သိမ်းဆည်းမယ်လို့ သတိပေးထားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ ရဲတွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေက သာပေါင်းမြို့နယ် သရက်ကုန်းကျေးရွာဘက်ကို သယ်ယူလာတဲ့ ကုန်စည်တွေကို ရွာလမ်းမှာ ယာယီဂိတ်ချပြီး စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီနဲ့ တိုက်ပွဲတွေဟာ ဧရာဝတီတိုင်းနဲ့ နီးစပ်လာချိန်ကစလို့ ဧရာဝတီတိုင်းထဲက မြို့နယ်တချို့မှာ စက်သုံးဆီဝယ်ဖို့ထောက်ခံစာ၊ မြို့ပေါ်ကို ဈေးတက်ဝယ်ဖို့ ထောက်ခံစာ စတဲ့ ထောက်ခံစာတွေနဲ့မှ သွားလာဝယ်ယူခွင့်ပေးနေတာဖြစ်ပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး
သာပေါင်း
ဈေးဝယ်ထောက်ခံစာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013