
ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းစာကို လူမှုကွန်ရက်ပေါ်တင်တာကြောင့်ဆိုပြီး ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့က အမျိုးသမီး ၄ ယောက် ဇွန် ၁၉ ရက် ညနေပိုင်းက ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “မဇာဇာဆိုတဲ့ အမျိုးသမီး ၁ ယောက်အပါအဝင် ၄ ယောက် အဖမ်းခံရတာ။ ကျေးရွာဘက်က ၂ ယောက်နဲ့ ရပ်ကွက်ထဲက ၂ ယောက် အဖမ်းခံရတာ။ ကျန်တဲ့သူတွေရဲ့ နာမည်တွေတော့ မသိသေးဘူး” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အသက် ၁၈ နှစ်ကျော်အရွယ် ၂ ယောက်နဲ့ အသက် ၃၀ ကျော်အရွယ် ၂ ယောက်ဖြစ်ပြီး သဇင်ကျေးရွာနဲ့ အမှတ် ၄ ရပ်ကွက်က အမျိုးသမီးတွေဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့နီးစပ်သူတယောက်က “ဖုန်းထဲက အချက်အလက်တွေကို စစ်ကောင်စီရဲ့(စရဖ)က စစ်ဆေးပြီး ဖမ်းခဲ့တာတဲ့။ အခုအထိတော့ ရဲစခန်းမှာပဲထားပြီး စစ်ဆေးနေတယ် လို့ပဲသိရတယ်။ အမှုဖွင့်ထားတာလည်း မရှိသေးဘူးလို့ ကြားမိတယ်။ စစ်ဆေးဖို့ရှိလို့ဆိုပြီး ဖမ်းတာပဲ။ ဒီနေ့အထိ ပြန်မလွတ်လာသေးဘူး” လို့ ပြောပါတယ်။
ဇွန် ၁၉ ရက် နေ့လယ်ပိုင်းကလည်း ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်က အမျိုးသမီးတယောက်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ နှစ်ပြည့် မွေးနေ့မှာ နှင်းဆီပန်းပန်တာကြောင့်ဆိုပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။