
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မရိုးကုန်းရွာကို ဇွန် ၂၁ ရက်နေ့ညပိုင်းမှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ ဒေသခံသားအဖ ၂ ယောက်သေပြီး ၉ ယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။
ည ၁၁ နာရီကျော်မှာ ဗုံးကြဲခဲ့တာဖြစ်ပြီး မရိုးကုန်းရွာဟာ မြင်းခြံမြို့မြောက်ဘက် ၁၄ မိုင်လောက်အကွာ၊ ဆီမီးခုံ- မြင်းခြံလမ်းဘေးမှာ ရှိတဲ့ကျေးရွာဖြစ်ပါတယ်။
ဒေသခံတယောက်က “ကြဲတာက ရွာလယ်ကောင်ကြဲတာဗျ၊ ဂျက်ဖိုက်တာနဲ့ ကြဲတာ။ ဗုံးသီး ၂ လုံး ကြဲတာဗျ။ အဲဒီလို ကြဲခဲ့လို့ ရွာက အသက် ၃၈ ခန့် မခင်မိုးဆွေနဲ့ အသက် ၈၀ ကျော်ခန့် ဦးပေါငြိမ်း သားအဖ ၂ ယောက် နေရာတင်သေဆုံးခဲ့ရတယ်ဗျ။ ဦးပေါငြိမ်း ဆိုရင် ခန္ဓာကိုယ်အောင်ပိုင်းက တစစီကို ဖြစ်သွားရတယ်။ နောက်ထပ် အရပ်သား ၉ ဦးလည်း ဒဏ်ရာရခဲ့တယ်။ အဲဒီ ဒဏ်ရာရ ၉ ဦးထဲက ၂ ဦးကတော့ ဒဏ်ရာပြင်းထန်တယ်ဗျ။ နောက်ပြီး လူနေအိမ် ၅ လုံးထက်မနည်း ထိမှန်ပျက်စီးခဲ့တယ်။ နွား ၂ ကောင်လည်းသေတယ်” လို့ ပြောပါတယ်။
စစ်တပ်ထောက်ခံတဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာတော့ အခု ဗုံးကြဲချခဲ့တဲ့နေရာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ လှုပ်ရှားနေတယ်ဆိုပြီး သတင်းမှားကို ဖြန့်ဝေနေတာ တွေ့ရပါတယ်။
မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တယောက်က “အခု ဗုံးချသွားတဲ့ နေရာကတော့ ဘာတိုက်ပွဲမှ မဖြစ်ဘူး။ သူတို့ဘက်က ဘာသတင်းရလို့ ချတာလဲတော့ မသိဘူးလေ။ ကျနော်တို့အဖွဲ့တွေ လှုပ်ရှားသွားလာတာ ဘာတခုမှမရှိပါဘူး။ စစ်တပ်ကတော့ မြေပြင်စစ်ကြောင်း မထိုးရဲတော့ အခုနောက်ပိုင်း လေယာဉ်အသုံးပြုပြီး ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေ လေယာဉ်နဲ့ဗုံးကြဲတာတွေ ခပ်စိပ်စိပ် ပြုလုပ်လာတာကို တွေ့ရတယ်။ ဒါကလည်း ပြည်သူကို အကြောက်တရား ရိုက်သွင်းလာတာလို့ ပြောလို့ရတယ်။ ကျနော်တို့ဘက်ကတော့ စစ်ရေးဖော်ဆောင်တဲ့အခါ ပြည်သူနဲ့လွတ်ရာက စစ်ရေးဖော်ဆောင်တာတွေလုပ်နေပါတယ်” လို့ ပြောပါတယ်။
ဇွန် ၁၉ ရက်နေ့ညနေ ၃ နာရီလောက်ကလည်း မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ တောင်သာ- မလှိုင်လမ်းပေါ်က ရုံးဇင်ကြီးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံတွေ ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။