
အမေရိကန်ဟာ အီရန်ရဲ့ လက်စားချေရေးပစ်မှတ် တရားဝင်ဖြစ်အောင် သူ့ကိုယ်သူ လုပ်လိုက်ပြီလို့ ဩစတြေးလျနိုင်ငံ ဒေးကင်းတက္ကသိုလ် အရှေ့အလယ်ပိုင်းလေ့လာရေးဖိုရမ်ရဲ့ ဒါရိုက်တာနဲ့ ပါမောက္ခ ရှားရမ် အက္ကဘာဇာဒါက ဇွန် ၂၂ ရက်မှာ ပြောလိုက်ပါတယ်။
အမေရိကန်ရဲ့ ဒီတိုက်ခိုက်မှုဟာ အရှေ့အလယ်ပိုင်းဒေသတခုလုံးကို ‘တကယ်အန္တရာယ်များတဲ့ လမ်းစဉ်’ အဖြစ် သက်ရောက်စေလိမ့်မယ်လို့လည်း သူက ပြောပါတယ်။
“အီရန်မှာလည်း ဒီရှေ့လျှောက်မှာ စစ်ရေးရွေးချယ်ခွင့်ရှိပါတယ်။ ပြီးတော့ အီရန်က အမေရိကန် အခြေစိုက်စခန်းတွေကို တိုက်ဖို့ ဒါမှမဟုတ် ဒေသတွင်းမှာရှိတဲ့ အမေရိကန်ရဲ့ ပိုင်ဆိုင်မှုတွေကို ပစ်ခတ်ဖို့ဆိုတဲ့ အရိပ်အယောင်တွေ ရှိနေပြီး၊ ဒေသတွင်းမှာ သူ့ရဲ့ ကြားခံကိုယ်ပွားနဲ့ မဟာမိတ်တွေ အမျိုးမျိုးကို သုံးနေပါတယ်” လို့လည်း သူက ပြောပါတယ်။
အစ္စဖှာဟန်၊ နန်းတက်ဇ်နဲ့ ဖောဒေါင်း မြေအောက်နျူကလီးယားစက်ရုံတို့ အပါအဝင် အီရန်နိုင်ငံထဲက နျူကလီးယားဆိုင်ရာနေရာ ၃ ခုကို အောင်အောင်မြင်မြင်ပစ်ခတ်ခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇွန် ၂၁ ရက်မှာ ပြောခဲ့တာပါ။
‘လေယာဉ်အားလုံး ဘေးကင်းတဲ့အပြန်ခရီးမှာရှိနေတယ်လို့ ပြောရင်း ကျနော်တို့ရဲ့ သူရဲကောင်း အမေရိကန် စစ်သည်တော်တွေပါပဲ’ လို့ Truth Social လူမှုကွန်ရက်ပေါ်ကနေ ထရမ့်ပ်က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
ခုအချိန်ဟာ ငြိမ်းချမ်းရေးအတွက်အချိန်တန်ပြီလို့ရေးရင်း ထရမ့်ပ်က သူ့ပို့စ်ကို အဆုံးသတ်ခဲ့ ပါတယ်။
အစ္စရေးနဲ့ အီရန်တို့ဟာ သီတင်းတပတ်ကျော်ကြာ လေကြောင်းကနေ တိုက်ခိုက်နေလို့ နှစ်နိုင်ငံစလုံးမှာ သေဆုံး၊ ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။
အီရန်အစိုးရရဲ့ နျူကလီးယား လက်နက်ထုတ်မယ့် အခွင့်အလမ်းမှန်သမျှကို ဖယ်ရှားပစ်ချင်တယ်လို့ ပြောရင်း အစ္စရေးက အီရန်ကို တိုက်ခိုက်ခဲ့ပါတယ်။
အီရန်ကလည်း သူ့ရဲ့ နျူကလီးယားအစီအစဉ်ဟာ ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်အတွက် ရည်မှန်းထားတာလို့ ပြောရင်း စောဒကတက်ခဲ့ပါတယ်။
ရန်လိုမှုတွေကို ရပ်ဖို့ အနောက်နိုင်ငံတွေရဲ့ သံတမန်ရေးရာ ကြိုးပမ်းချက်တွေဟာ ခုအချိန်အထိ မအောင်မြင်သေးပါဘူး။
Source: Reuters