
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ စစ်မှုထမ်း မဲပေါက်သူတွေ ထွက်ပြေးသွားလို့ဆိုပြီး စစ်ကောင်စီတပ်က ရွာထဲကျန်တဲ့ မဲမနှိုက်ရသေးတဲ့ လူငယ်တွေကို အဓမ္မဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပန်းတနော်မြို့နယ် ယုန်ဒေါအုပ်စုထဲက ညောင်တရာကျေးရွာ၊ ရွာသာကြီးကျေးရွာနဲ့ ကန်စုကျေးရွာတို့မှာ စစ်မှုထမ်းအတွက် မဲပေါက်ခဲ့တဲ့သူတွေ ထွက်ပြေးလွတ်မြောက်သွားတာကြောင့် ဆိုပြီး ဇွန် ၁၉ ရက်မှာ စစ်ကောင်စီတပ်က မဲမနှိုက်ရသေးတဲ့ ကျန်ရှိတဲ့သူတွေကို လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ဖမ်းခေါ်ခံရတဲ့ သူတွေက မဲမနှိုက်ရသေးတဲ့သူတွေပါ။ မဲနှိုက်ထားတဲ့သူတွေ ပြေးလို့ဆိုပြီး ဖမ်းခေါ်တာ။ တပ်နဲ့ အုပ်ချုပ်ရေးမှူးတွေ၊ အရပ်ဝတ်နဲ့သူတွေက လာဖမ်းသွားတာ” လို့ ပြောပါတယ်။
အဲဒီရွာတွေက အသက် ၁၈ ကနေ ၃၅ နှစ်အတွင်းရှိတဲ့ လူငယ် အယောက် ၃၀ ကျော်ကို အဓမ္မဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။
စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “စစ်မှုထမ်းကိစ္စနဲ့ ဖမ်းဆီးထားတာ ဟုတ်ပါတယ်။ တပ်ကဖမ်းတာလို့ သိရတယ်။ ဘယ်မှာ ထားထားတယ်ဆိုတာတော့ မသိပါဘူး။ စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူး ဆိုသူရဲ့အမိန့်နဲ့ ဖမ်းဆီးထားတာ” လို့ ပြောပါတယ်။
လူငယ်တွေဖမ်းဆီးခံရတဲ့ ကျေးရွာတွေဟာ စစ်မှုထမ်းအစားထိုး ငှားရမ်းကြေးအဖြစ် လစဉ် တအိမ်ကျပ် ၁၀,၀၀၀ စီ အုပ်ချုပ်ရေးမှူးကိုထည့်နေရတဲ့ ရွာတွေဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်ကလည်း ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်း အပတ်စဉ် ၁၀ အတွက် ရွာထဲက ကိုမင်းမင်းဆိုသူကို ဖမ်းဆီးပြီး တခြားကျေးရွာအတွက် လူစားထိုး စစ်မှုထမ်းတပ်သားအဖြစ် ငွေကျပ်သိန်း ၇၀ နဲ့ ရောင်းစားခဲ့သေးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။