
မကွေးတိုင်း၊ ချောက်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းက ဇွန် ၂၀ ရက်နေ့မှာ ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူကာ လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။
ကူညီဆောင်ရွက်ပေးနေသူ ဒေါ်နှင်းက “အဲဒီနေ့ နေ့လယ်ပိုင်းလောက်က အရပ်ခေါ်တော့ ထိန်ကန်ရွာပေါ့နော်။ တကယ်ကတော့ ချောက်မြို့နယ်ထဲက ဇောင်းတောကန်ကျေးရွာအုပ်စုမှာရှိတဲ့ လွန်ကြယ်ထိန်ကန်ရွာပါ။ အဲဒီရွာကို စစ်တပ်စစ်ကြောင်းဝင်ပြီး ပစ္စည်းတွေ ခိုးသယ်သွားကြတယ်။ ပြီးတော့ အိမ်တွေကို မီးရှို့ခဲ့လို့ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးကုန်ပါတယ်။ အိမ်ခြေခန့်မှန်း ၁၀၀ ကျော်ရှိတဲ့ ရွာလေးပါ။ ရွာသားတွေကတော့ စစ်ကြောင်းဝင်လာတဲ့ သတင်းရကတည်းက ထွက်ပြေးသွားကြလို့ အဖမ်းခံရတာမရှိဘူးလို့ သိရတယ်ပေါ့နော်။ အခုတော့ သူတို့မှာ ပြန်စရာအိမ် မရှိကြတော့ဘူး” လို့ ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ရွာသားတွေဟာ နီးစပ်ရာကျေးရွာတွေက ဘုန်းကြီးကျောင်းတွေအပြင် လယ်ယာခင်းတွေထဲမှာ ယာယီနေထိုင်နေကြရပြီး ပြန်လည်ထူထောင်ရေးအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ထိန်ကန်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာမရှိသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလည်း အထိုင်ချနေကြတာ မရှိဘူးလို့ ဆိုပါတယ်။
Chauk Guerrilla Force (CGF) တာဝန်ခံ ကိုပိုင် က “ထိန်ကန်ရွာကို မီးရှို့သွားတဲ့ စစ်ကြောင်းနဲ့ ပြီးခဲ့တဲ့ ၅ ရက်လောက်က ကိုင်းထောက်ကန်ရွာဘက်မှာ တိုက်ပွဲဖြစ်ခဲ့သေးတယ်။ အဲဒီတုန်းကတော့ အင်အား ၆၀ လောက်ပါတာ။ တိုက်ပွဲထဲမှာ သေတာနဲ့ ဒဏ်ရာရတာတွေကြောင့်မို့လို့ အင်အားက လျော့မှာပေါ့။ ထိန်ကန်ဘက်မှာ တိုက်ပွဲဖြစ်တာ မရှိဘူး။ ပကဖ၊ PDF စခန်းတွေလည်းမရှိဘဲနဲ့ အသားလွတ်ဝင်ဖျက်ဆီးသွားတယ်လို့ ပြောရမှာပါ” လို့ DVB ကို ပြောပါတယ်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ ထိန်ကန်ကျေးရွာကို မီးရှို့ဖျက်ဆီးသွားပြီးနောက် စလေမြို့နယ်ထဲက ကျေးရွာတွေဘက်ကို ဆက်လက်ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့ကလည်း ချောက်မြို့နယ်၊ ကိုင်းထောက်ကန်ကျေးရွာကို ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး အထိနာတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူပိုင်မော်တော်ယာဥ် ၁ စီးကို ယူဆောင်သွားပြီး လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသလို ဓားစာခံအဖြစ် ဖမ်းဆီးလာတဲ့ ကိုင်းထောက်ကန်ရွာသားတယောက်ကိုလည်း နှိပ်စ က်သတ်ဖြတ်ခဲ့ကြသေးတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။