
ကရင်နီအမျိုးသားနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းကျခံနေရတဲ့သူ ၁၇၆ ယောက်ကို ပြစ်ဒဏ်လျှော့ပေါ့ခွင့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က ဇွန် ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ဇွန် ၂၁ ရက်မှာ ကျရောက်တဲ့ နှစ် ၁၅၀ ပြည့် ကရင်နီအမျိုးသားနေ့မှာ အကျဉ်းသူ အကျဉ်းသား ၂၈ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ၁၄၈ ယောက်ကိုတော့ ပြစ်ဒဏ်လျှော့ပေါ့ပေးတယ်လို့ သိရပါတယ်။
IEC အတွင်းရေးမှူး ၂ ဦးဗညားက “ဘုတ်အဖွဲ့က စိစစ်ပြီး လွတ်ငြိမ်းပေးတာ၊ ပြစ်ဒဏ်လျှော့ပေါ့တာ လုပ်ပါတယ်။ အခြေခံအားဖြင့်တော့ သက်ကြီးရွယ်အိုတွေ၊ ကျနော်တို့ စောင့်ရှောက်မှုအောက်မှာ ကောင်းကောင်းမွန်မွန်နေထိုင်ပြီး (ပြစ်ဒဏ်)သက်တမ်းလည်း ပြည့်တော့မယ်သူတွေကို ဦးစားပေး လွတ်ငြိမ်းပေးတယ်” လို့ ပြောပါတယ်။
ကရင်နီပြည် ကြားကာလအစီအမံ အပိုဒ် ၇၅၊ အပိုဒ်ခွဲ (ခ) အရ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၁ ရက်နေ့ မတိုင်ခင် ပြစ်မှုကျူးလွန်တဲ့သူတွေထဲက မူးယစ်ဆေးဝါးအနည်းကျဉ်းရောင်းဝယ်သူ၊ ခိုးမှုနဲ့ထောင်ကျသူ၊ သက်ကြီးရွယ်အိုနဲ့ လွတ်ရက်စေ့ခါနီးသူတွေကို အဓိကဦးစားပေးပြီး လွတ်ငြိမ်းပေးတာ၊ ပြစ်ဒဏ်လျှော့ပေါ့တာတွေ လုပ်ပေးတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ၁၄၉ နှစ်မြောက် ကရင်နီအမျိုးသားနေ့မှာလည်း အကျဉ်းကျခံတဲ့ အကျဉ်းသူ အကျဉ်းသား ၁၁၇ ယောက်ကို IEC က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။