
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ ထုံခါ-မောတောင်လမ်းမှာ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး နှစ်ဖက်ထိခိုက်ဒဏ်ရာရ သေဆုံးသူတွေလည်း ရှိနေတယ်လို့ KTLA(ထီးဆဲ့မဲ့ရွာတပ်ရင်း)ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က ပြောပါတယ်။
ဇွန် ၁၈ နဲ့ ၁၉ ရက်က ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့တဲ့ ထုံခါး-မောတောင်လမ်းပိုင်း သိန်ခွန်းကျေးရွာဘက်မှာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူ ၈ ယောက်ထဲမှာ ၃ ယောက် သေဆုံး၊ ၅ ယောက်က ဒဏ်ရာပြင်းထန်တယ်လို့သိရကြောင်းဆိုပြီး တော်လှန်ရေး တပ်ဖွဲ့တွေဘက်မှာလည်း ထိခိုက်ဒဏ်ရာရသူတွေရှိနေတယ်လို့ ပြောပါတယ်။
“သူတို့ဘက်ကစပြီး ကျနော်တို့ခံစစ်ရှိတဲ့နေရာကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ လာတိုက်ခိုက်တယ်။ အဲဒီလို တိုက်ခိုက်တဲ့အတွက် ကျနော်တို့ဘက်က လက်တုံ့ပြန်တာပါ။ မြေပြင် သတင်းအချက်အလက်အရ ၁၈ ရက်နေ့ကတိုက်ပွဲမှာ စစ်ကောင်စီက ထိခိုက်ဒဏ်ရာရတာ ၈ ဦး ရှိတဲ့အထဲ ၃ ဦးက သေဆုံးတယ်။ ၅ယောက်က အရေးပေါ်အဆင့် ထိခိုက်ဒဏ်ရာရတယ်လို့သိရတယ်။ ၁၉ ရက်နေ့က ကျနော်တို့ရဲဘော်တွေ ပြောက်ကျားစနစ်နဲ့ သွားပစ်တာပါ”
ဇွန် ၂၀ ရက်နေ့မှာလည်း ထုံခါ-မောတောင်လမ်းပိုင်းမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ထပ်ဖြစ်ခဲ့ပြီး တိုက်ပွဲအခြေအနေဖြစ်စဉ်ကိုတော့ အသေးစိတ်အချက်အလက်မရသေးဘူလို့ သူက ဆက်ပြောပါတယ်။
ထုံခါ-မောတောင် ကားလမ်းကို နှစ်ဖက်စလုံးကပြန်ဖွင့်ပြီးနောက် ဇွန်လ ဒုတိယအပတ်လောက်မှာ စစ်ကောင်စီကအရင် လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ရှိတဲ့နေရာတွေကို တိုက်ခိုက်လာပြီး စစ်ရေးက တင်းမာလာတာလို့ သိရပါတယ်။
ကားလမ်းပြန်ဖွင့်ထားပေမယ့် ဒီနေ့အထိ ခရီးသွားသူတွေမရှိသေးသလို စစ်ရေးတွေ တင်းမာလာတာကြောင့် ခရီးသွားလာဖြစ်မှာမဟုတ်ဘူးလို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။