
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖုံသာချောင်းက ချင်းလူမျိုးတွေနေထိုင်ကြတဲ့ ကျေးရွာတွေမှာ ငှက်ဖျားရောဂါအဖြစ်များနေပြီး တချို့သေဆုံးသွားတယ်လို့ မင်းပြားဒေသခံတွေဆီက သိရပါတယ်။
ဖုံသာချောင်းက မွန်ချောင်း၊ ကျောက်လုံးကြီးနဲ့ ဟေဇော်လေးကျေးရွာတို့မှာ ငှက်ဖျားဖြစ်လို့ ဇွန်လအစောပိုင်းက ကလေးငယ် ၂ ယောက်နဲ့ သက်ကြီးအိုရွယ် ၁ ယောက် သေဆုံးခဲ့ပြီး လက်ရှိမှာလည်း ဖုံသာချောင်းဒေသကရွာတိုင်းမှာ ငှက်ဖျားဖြစ်နေကြတယ်လို့ မင်းပြားမြို့နယ် ဒေသခံတယောက်က ပြောပါတယ်။
“မင်းပြား ဖုံသာချောင်းဒေသမှာ ငှက်ဖျားတွေ တော်တော်လေးကို ဖြစ်နေကြတယ်။ အဲဒီဒေသက ချောင်းဖျားဒေသဖြစ်တာကြောင့် နှစ်စဉ် ငှက်ဖျားဒဏ်ကို အလူးအလဲခံကြရတယ်။ ဒီနှစ်လည်း မေလကုန်ပိုင်းနဲ့ ဇွန်လအစောပိုင်က ကလေးငယ် ၂ ယောက်နဲ့ သက်ကြီးပိုင်းတယောက် ငှက်ဖျားဖြစ်ပြီးတော့ သေဆုံးမှုရှိတယ်လို့သိရတယ်။ လက်ရှိမှာ ရွာတိုင်းမှာ ငှက်ဖျားဖြစ်နေကြတယ်လို့ သိရတယ်။ အဲဒေသက အရင်ကတည်းက ခေါင်တဲ့ဒေသဖြစ်တာကြောင့် ဆေးဝါးတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက မရောက်နိုင်ကြဘူး” လို့ပြောပါတယ်။
ဖုံသာချောင်းဒေသမှာ အရင်နှစ်တွေကလည်း လူတွေရာနဲ့ချီငှက်ဖျားဖြစ်ကြပြီး အသက်သေဆုံးတာလည်းရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဖုံသာချောင်းဒေသမှာ ဝေးလံခေါင်ဖျားတာကြောင့် ဆေးဝါးလိုအပ်ချက်များပြီး ဆေးဝါးမပြည့်စုံတဲ့ဒဏ်ကို အခံရဆုံးဒေသဖြစ်တယ်လို့ မင်းပြားမြို့နယ်က ချင်းလူငယ်တယောက်က ပြောပါတယ်။
“ဖုံသာချောင်းဒေသဆိုတာ အရမ်းခေါင်တဲ့ဒေသပါ။ ဒေသခံတွေက ဆင်းရဲနွမ်းပါးကြပြီးတော့ ဝေးလံခေါင်ဖျားတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေ မရှိဘူး။ ဆေးဝါးကလည်း ပုံမှန် အခြေအနေမှာတောင် ရှားပါးတဲ့ဒေသမှာ အခုလိုအချိန်မှာဆို ပိုဆိုးတယ်။ ကျန်းမာရေးစောင့်ရှောက်မှု အညံ့ဆုံးဒေသဖြစ်တယ်” လို့ပြောပါတယ်။
ဖုံသာချောင်းဒေသမှာ ကျေးရွာပေါင်း ၂၀ နီးပါးရှိပြီး တောင်ယာအဓိကလုပ်တဲ့ ချင်းလူမျိုးအများစု နေထိုင်ကြတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ အခုနှစ်မိုးဦးရာသီအတွင်း ငှက်ဖျားဖြစ်ပွားတဲ့လူနာ ၇၀၀ နဲ့အထက်ရှိနိုင်ပြီး အသက်သေဆုံးတာလည်းရှိတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေဆီက သိရပါတယ်။
ရခိုင်ပြည်က တောတောင်ထူထပ်ပြီး ဝေလံခေါင်ဖျားတဲ့ ချောင်းဖျားဒေသတွေမှာ ငှက်ဖျားရောဂါ အဖြစ်များပြီး အိန္ဒိယကလာတဲ့ကုန်သည်တွေဆီမှာလည်း ငှက်ဖျားရောဂါ အများဆုံးတွေ့ရတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။