
အီရန်နဲ့စစ်ပွဲက လိုအပ်တဲ့အချိန်အထိ ဆက်ဖြစ်နေလိမ့်မယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ဇွန် ၂၀ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဒီသီတင်းပတ်အစောပိုင်းက အီရန်ဒုံး ကျည်တစ်စင်း ထိမှန်ခဲ့လို့ ကြီးကြီးမားမား ထိခိုက်ပျက်စီးခဲ့တဲ့ ရေဟောဗာ မြို့မှ ဝေးဇ်မန်း သိပ္ပံတက္ကသိုလ်ကို သွားရောက်တဲ့ ခရီးစဉ်အတွင်းမှာ အီရန်အပေါ် အစ္စရေးရဲ့တိုက်ခိုက်မှု ဘယ်လောက်ကြာဦးမလဲ ဆိုတဲ့ မေးခွန်းကို ပြန်လည် ဖြေကြားခဲ့တာပါ။
“အစ္စရေးဟာ အသက်နဲ့ဆိုင်တဲ့ ဖြစ်တည်မှုအန္တရာယ်ကို ရင်ဆိုင်နေရတာကြောင့် အီရန်နဲ့စစ်ပွဲက လိုအပ်တဲ့အချိန်အထိ ရှိနေမယ်။ နှစ်ထပ်ကွမ်း ဖြစ်တည်မှုအန္တရာယ်ပါ။ တခုက အဲဒီလို ဒုံးပျံတွေ ၂ သောင်းပါ။ တခုတည်းတောင် မဟုတ်ဘူးနော် ၂ သောင်းပါ။ အဲဒါက ဒုံးပျံတစင်း၊ ဒုံးကျည်တစင်းပါ။ နောက်တခုကတော့ အဲဒီရူးသွပ်နေတဲ့ အစိုးရလက်ထဲမှာ အဏုမြူဗုံးတွေ ရှိနေတာပါ” လို့ နေတန်ယာဟုက ပြောသွားတာပါ။
“အီရန်ဟာ ကမ္ဘာပေါ်မှာ ထင်ရှားတဲ့ အကြမ်းဖက်အစိုးရပါ။ နျူကလီယားလက်နက် ပိုင်ဆိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ပိုင်ဆိုင်လို့လည်း မရဘူး။ အဲဒါက အီရန်ရဲ့ ဖျက်ဆီးရေးခြိမ်းခြောက်မှုကနေ ကယ်တင်နိုင်ဖို့ အစ္စရေးရဲ့ ရည်ရွယ်ချက်ပါ။ ဒါပေမဲ့ အဲဒီလိုလုပ်ခြင်းအားဖြင့် နိုင်ငံတော်တော်များများကို ကယ်တင်နေတာပါ”လို့လည်း နေတန်ယာဟုက ဆိုပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့အစောပိုင်းက တဲလ်အဗစ်မြို့တောင်ဘက်အစွန်ရှိ နာမည်ကျော် ဝေးဇ်မန်း သိပ္ပံတက္ကသိုလ်ကို အီရန်ဒုံးကျည်တစင်း ထိမှန်ခဲ့ပြီး ဓာတ်ခွဲခန်းများစွာပါရှိတဲ့ အဆောက်အအုံ အများအပြား ပျက်စီးသွားခဲ့တာပါ။
ကျောင်းဝင်းထဲမှာတော့ တညလုံး လူတွေလွတ်နေတာကြောင့် ဘယ်သူမှ ထိခိုက်မှု မရှိပါဘူး။
ဝေးဇ်မန်း အင်စတီကျုကို ပစ်မှတ်ထားခြင်း ရှိ၊မရှိ ဒါမှမဟုတ် ဘယ်အကြောင်းရင်းကြောင့် ဆိုတာတော့ အီရန်က မပြောခဲ့ပါဘူး။
ဝေးဇ်မန်း အင်စတီကျုရဲ့ သုတေသနအများစုဟာ ဆေးပညာနဲ့ သိပ္ပံပညာဆိုင်ရာ အသိပညာ တွေအတွက် အကျိုးကျေးဇူးတွေ ရနိုင်တဲ့ အလားအလာရှိတဲ့အပြင် ကာကွယ်ရေး ကဏ္ဍနဲ့လည်း ဆက်စပ်မှုရှိနေတာဖြစ်ပါတယ်။
Source:Reuters