
ပနားမားအစိုးရဟာ ဇွန် ၂၀ ရက်က အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး အနောက်ပိုင်း ဘိုကာဒယ်လ်တိုရိုပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အခွင့်အရေးတချို့ကို ယာယီရပ်ဆိုင်းလိုက်ပါတယ်။
ဒါဟာ ပနားမားနိုင်ငံမှာ ပင်စင်ပြုပြင်ပြောင်းလဲရေး ဥပဒေနဲ့ ပတ်သက်ပြီး တလကျော် ဆန္ဒပြမှုတွေနဲ့ လမ်းပိတ်ဆို့မှုတွေအတွင်း စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရရုံးတွေ ဖျက်ဆီး လုယက်ခံရတာတွေ ဖြစ်ပေါ်လာခဲ့ပြီးနောက် နာရီအနည်းငယ်အကြာမှာပဲ အမိန့်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဇွန် ၁၉ ရက်က အကြမ်းဖက်မှုအပြီးမှာ ဘိုကာ ဒယ်လ်တိုရိုရဲ့ အခြေအနေဟာ "အန္တရာယ်ရှိတဲ့အဆင့်ကို ရောက်လာပြီ" လို့ အစိုးရက ပြောကြားခဲ့ပါတယ်။
ပနားမား သမ္မတရုံးဝန်ကြီး ဟွမ်န်ကားလို့စ် အော်ရီယဲလက် က “စည်းကမ်းမဲ့မှုတွေနဲ့ အကြမ်းဖက်မှုတွေ ဖြစ်မလာခင် ပနားမား ပြည်သူအများစုရဲ့ အခြေခံအခွင့်အရေးတွေအတွက် နိုင်ငံတော်အနေနဲ့ ငြိမ်းချမ်းရေး၊ စည်းမျဥ်း စည်းကမ်းနဲ့ လေးစားမှု တို့ကို အာမခံပေးဖို့အတွက် သူ့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လုပ်ပိုင်ခွင့်ကို အသုံးပြုသွားမှာဖြစ်တယ်” လို့ ပြောပါတယ်။
ဒါကြောင့် နိုင်ငံတော်အစိုးရက အရေးပေါ်အခြေအနေကြေညာပြီး တည်ငြိမ်အေးချမ်းမှု ပြန်လည် ရရှိဖို့ ဘိုကာစ်ဒယ်လ်တိုရိုပြည်နယ် နယ်မြေတဝန်းလုံးမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အာမခံချက်တွေကို ၅ ရက်ကြာ ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
တနိုင်ငံလုံးမှာ သမဂ္ဂတွေနဲ့ ဌာနေတိုင်းရင်းသားအုပ်စုတွေ ကျောထောက်နောက်ခံ ပြုထားတဲ့ ဆန္ဒပြသူတွေဟာ မတ်လတုန်းက အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ပင်စင်ပြုပြင်ပြောင်းလဲရေး ဥပဒေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေနဲ့ ရင်ဆိုင်နေကြရတာပါ။
ဘိုကာ ဒယ်လ်တိုရိုမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေက အထူးပြင်းထန်ခဲ့ပြီး ဒေသခံ ချီကီတာ ငှက်ပျောခြံမှ အလုပ်သမားတွေ အများဆုံး ဦးဆောင်တာဖြစ်ပါတယ်။
ချီကီတာဟာ အလုပ်သမားတွေရဲ့သပိတ်ကို တရားမျှတမှုမရှိတဲ့ အလုပ်မှစွန့်ပစ်ခြင်း လို့ ခေါ်ဆိုပြီး ဝန်ထမ်းတွေ ထောင်ပေါင်းများစွာ အလုပ်မှထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
မတ်လ ပင်စင်ပြုပြင် ပြောင်းလဲမှုအောက်မှာ ဖယ်ရှားခံခဲ့ရတဲ့ ခံစားခွင့်တချို့ကို ပြန်လည်ရရှိရေး ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ပြီးနောက်မှာ အဲဒီအလုပ်သမားတွေဟာ နောက်ဆုံးမှာ ဆန္ဒပြပွဲတွေမှ နုတ်ထွက်ခဲ့ကြပါတယ်။
ဘိုကာ ဒယ်လ်တိုရိုရှိ လမ်းပိတ်ဆို့မှုတွေကို ရုတ်သိမ်းခြင်းမရှိသေးကြောင်း အစိုးရက ပြောကြားထားပါတယ်။ ဒါပေမဲ့ သူတို့ကို ချီကီတာ အလုပ်သမားတွေလို့ တိုက်ရိုက်သတ်မှတ်ထားခြင်း မရှိပါဘူး။
Source:Reuters