Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် မျှော့ဈေးကောင်းရသော်လည်း ရှားပါးလာ
DVB
·
June 21, 2025

တရုတ်ဈေးကွက်က ဝယ်လိုအားကောင်းလာတာကြောင့် ဧရာဝတီတိုင်းမှာ မျှော့ ၁ ပိဿာကို ငွေကျပ် ၁၀၀,၀၀၀ ကျော်အထိ ဈေးပေါက်နေတယ်လို့ ရေထွက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေနဲ့ ငါးရှဉ့်ရှာဖွေရောင်းချတဲ့သူတွေဆီကနေ သိရပါတယ်။

နှစ်စဉ် မေလကနေ ဖေဖော်ဝါရီလအထိဟာ မျှော့တွေရှာဖွေရရှိတဲ့ကာလဖြစ်သလို အရောင်းအဝယ် လုပ်တဲ့ကာလဖြစ်ပြီး တရုတ်ဈေးကွက်က ဝယ်လိုအားရှိနေတာကြောင့် အခုနှစ် မျှော့ရာသီမှာ ၁ ပိသာကို ကျပ် ၁၀၀,၀၀၀ ကနေ ၁၁၀,၀၀၀ အထိ ဈေးပေါက်နေတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းက မျှော့ရှာဖွေသူတယောက်က “မျှော့ရှာတဲ့အလုပ်ကို လုပ်တဲ့သူတွေ နည်းလာတယ်။ မျှော့ကို တိရိစ္ဆာန်တွေနဲ့အကိုက်ခံရှာရသလို တချို့ကျတော့ လူနဲ့အကိုက်ခံရှာရတာ။ အခုနှစ် မျှော့ဈေးကတော့ တော်တော်မြောက်နေတယ်။ မျှော့ကတော့ အရင်နှစ်တွေထက် တော်တော်ရှားသွားတယ်။ တနေ့လုံးရှာမှ ၁၀ သားလောက်တောင် မရချင်တော့ဘူး” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့နှစ်က တရုတ်ကဈေးမပေးလို့ မျှော့တပိဿာကို ကျပ် ၉၀,၀၀၀ ဝန်းကျင်ပဲ ဈေးရခဲ့ပါတယ်။

မျှော့ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူတယာက်က ''မျှော့က အကောင်ကြီးလို့ အလေးချိန်ရရင် ၁ ပိဿာကို သိပ်မရှာကြရပါဘူး။ အခုက ရကိုမရတော့တာ။ တရုတ်ဘက်က မျှော့အကောင်းကြီး၊ အသေး အကုန်ဝယ်တယ်။ မျှော့ကတော့ အရမ်းရှားပါးနေတယ်။ အရောင်းအဝယ်သိပ်မဖြစ်ဆို တလကျော်လာပြီ၊ ပိဿာချိန် ၁၀ မကျော်သေးဘူး” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ မျှော့ ၁ ပိဿာ ကျပ် ၃၅,၀၀၀ ကနေ ၅၀,၀၀၀ အထိပဲဈေးရှိခဲ့ပေမယ့် နေ့စဉ်မျှော့ပိသာချိန်သိန်းဂဏန်းအထိ အရောင်းအဝယ်ဖြစ်ခဲ့ပေမယ့် ၂၀၂၃ ခုနှစ်နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ရှားပါးလာခဲ့တာပါ။

မျှော့တွေဟာ စပါးစိုက်ခင်းတွေ၊ မြစ်ရိုးချောင်းရိုးနဲ့ ရွှံ့နွံမြေကြီးအောက်မှာ ကျက်စားတတ်တဲ့ သတ္တဝါဖြစ်ပြီး မျှော့တွေရှားပါးလာတာဟာ ရှာဖွေရောင်းချတဲ့သူတွေများလာတာ၊ စိုက်ပျိုးမြေတွေမှာ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေ အလွန်အကျွံသုံးစွဲတာတွေကြောင့် ဖြစ်မယ်လို့ ရှာဖွေသူတွေက ဆိုပါတယ်။

မျှော့တွေကို ဆီးချိုသွေးချိုကြောင့်ဖြစ်တဲ့ ခြေထောက်ပြဿနာတွေ၊ နာတာရှည်နာကျင်မှုနဲ့တချို့ ကင်ဆာရောဂါတွေအတွက် အရန်ကုသမှု၊ သွေးကြောဆိုင်ရာကုသမှုစတာတွေအတွက် တရုတ်တိုင်းရင်းဆေးတွေမှာ အသုံးပြုကြသလို မျှော့မှာပါတဲ့ ဓာတ်တမျိုးက ခေတ်သစ် ဆေးဝါးထုတ်လုပ်ရေးမှာ အရေးပါတယ်လို့ သိရပါတယ်။

ဧရာဝတီ
မျှော့ဈေးကောင်းရ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013