Home
မြန်မာသတင်း
အလုပ်ထုတ်ကြောင်း VOA ဝန်ထမ်းများထံ စာပို့၊ တရားရုံးတွင် ဆက်လက်ရင်ဆိုင်မည်
DVB
·
June 21, 2025

အမေရိကန်ပြည်ထောင်စုမှာ သတင်းဌာနတွေကို စီမံကိုင်တွယ်တဲ့ ဂလိုဘယ်မီဒီယာ အစိုးရအေဂျင်စီ (USAGM - United States Agency for Global Media) က VOA အချိန်ပြည့်ဝန်ထမ်း ၆၀၀ ကျော်ကို အလုပ်ကနေထုတ်ပယ်ကြောင်း ဒေသစံတော်ချိန် ဇွန် ၂၀ ရက်မှာ အသိပေးစာ ပေးပို့ခဲ့တယ်လို့ VOA မြန်မာပိုင်း ဝန်ထမ်းတွေက ပြောပါတယ်။ 

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်က မတ် ၁၄ ရက်နေ့မှာ သတင်းဌာနတွေကို စီမံကိုင်တွယ်တဲ့ ဂလိုဘယ်မီဒီယာ အစိုးရအေဂျင်စီ USAGM အပါအဝင် တခြားအစိုးရအေဂျင်စီ ၆ ခုရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို အနည်းဆုံးဖြစ်အောင်ထားဖို့ ညွှန်ကြားချက်မှာ လက်မှတ်ရေးထိုးခဲ့တာပါ။ 

အဲ့ဒီတုန်းက ဝန်ထမ်းတွေကို လစာနဲ့ခွင့်ပေးထားခဲ့တာဖြစ်ပြီး အချိန် ၃ လကျော်အကြာမှာ အလုပ်ကထုတ်ပယ်ကြောင်း အသိပေးလာတာလို့ မအင်ကြင်းနိုင် (အစီအစဉ်တင်ဆက်သူ-VOAမြန်မာပိုင်း) က ပြောပါတယ်။

“VOA ဝန်ထမ်းအားလုံးနီးပါး၊ အထူးသဖြင့် ဘာသာစကားသတင်းဌာနတွေကို သူတို့ဖျက်သိမ်းတဲ့အနေနဲ့ ကျမတို့ မြန်မာဌာနအပါအဝင် အားလုံးကို သူတို့အလုပ်ဖြုတ်တဲ့စာပေါ့လေ၊ သောကြာနေ့က ပေးပို့ပါတယ်၊ မြန်မာဝန်ထမ်းတွေအားလုံးလည်း လက်ခံရရှိပါတယ်။ ပြီးခဲ့တဲ့လတုန်းကဆိုရင်လည်း မြန်မာဌာနက လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ ကွန်ထရက်တာတွေကိုလည်း သူတို့က ဖြုတ်လိုက်တယ်ပေါ့လေ။ ထရမ့်အစိုးရတက်လာကတည်းက အစိုးရအေဂျင်စီတွေကို သူတို့ ဖျက်မယ်ဆိုတဲ့ အစီအစဉ်နဲ့သူတို့ လုပ်ရပ်တခုပေ့ါနော်။ ထရမ့်ပ်အစိုးရဘက်က အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲနဲ့ ဖျက်သိမ်းတဲ့လုပ်ရပ်ကတော့ အတော်ကိုဆိုးရွားတယ်၊ သမိုင်းမှာ အမည်းစက်တင်တဲ့လုပ်ရပ်လို့ပြောချင်ပါတယ်။”

VOA သတင်းဌာနဟာ ဘာသာစကား ၄၈ မျိုးနဲ့ ကမ္ဘာတဝန်းကို သတင်းအချက်အလက် ဖြန့်ဝေနေတဲ့ဌာနဖြစ်ပြီး နေ့စဉ်သတင်းစားသုံးတဲ့ပရိသတ် သန်းနဲ့ချီရှိနေတာပါ။ အခု အလုပ်ကနေထုတ်ပယ်ကြောင်း အသိပေးစာဟာ ဘာသာစကားဌာနခွဲတွေက ဝန်ထမ်းအားလုံးဆီ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

မအင်ကြင်းနိုင် (အစီအစဉ်တင်ဆက်သူ-VOAမြန်မာပိုင်း) က “လာမယ့်တနင်္လာနေ့မှာဆိုရင် ဒီစီတရားရုံးမှာ ကျမတို့ရဲ့အမှုကို တရားသူကြီးလန်းဘတ်က ကြားနာမယ်၊ ထရမ့်အစိုးရအဖွဲ့ အဲ့ဒီဘက်က ရှေ့နေတွေနဲ့ ဝန်ထမ်းတွေဘက်က ရှေ့နေတွေနဲ့ အပြန်အလှန်လျှောက်လဲကြမယ်။ ဒီစီက အယူခံတရားရုံးမှာလည်း ကျမတို့ရဲ့ အမှုကရှိနေတယ်။ အဲ့ဒီအမှုကလည်း ကျမတို့ အခုဆိုရင် ၂ ဖက် အပြန်အလှန် လျှောက်ထားချက်တွေ တင်သွင်းနေတယ်၊ ဇူလိုင်အပြီး ဩဂုတ်လောက်မှာတော့ အယူခံတရားရုံးက ကြားနာမယ်လို့ သိထားတယ်ပေ့ါ။ ထရမ့်ပ်အစိုးရကိုပြန်ပြီးတော့ ကျမတို့အခွင့်အရေးတွေ၊ ဒီအလုပ်သမားအခွင့်အရေးတွေ အမေရိကန်မှာ ပြဋ္ဌာန်းထားတဲ့ဥပဒေတွေနဲ့အညီ ကျမတို့ပြန်ပြီးတိုက်နေတာတွေကတော့ ခုတရားရုံးမှာ ဆက်ပြီးရှိနေပါသေးတယ်။”

သမ္မတထရမ့်ပ်ရဲ့အမိန့်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း VOA ဘက်က တရားပြန်စွဲထားတဲ့အမှု ၂ ခု ရှိခဲ့ပြီး တခုက ဂျာနယ်လစ်တွေက လုပ်ငန်းပုံမှန်ပြန်လည်ပတ်နိုင်ရေး တောင်းဆိုချက်နဲ့ စွဲထားတဲ့အမှုဖြစ်ပါတယ်။ နောက်တခုက VOA ဒါရိုက်တာက သမ္မတထရမ့်ပ်ရဲ့အမိန့်ဟာ လွှတ်တော်မှာ ပြဋ္ဌာန်းထားတဲ့ဥပဒေတွေကို ကျော်လွန်နေတာကြောင့် တရားမဝင်ကြောင်း စွဲဆိုထားတဲ့အမှုဖြစ်ပါတယ်။

ဒီအမှု ၂ ခုစလုံးဟာ ဒီစီခရိုင်တရားရုံးနဲ့ အယူခံတရားရုံးတို့မှာ အငြင်းပွားဖွယ်ရာ အခြေအနေမှာရှိနေပြီး တိကျတဲ့ စီရင်ချက်မကျခင်မှာ ဂလိုဘယ်မီဒီယာ အစိုးရအေဂျင်စီ USAGM က ဝန်ထမ်းတွေကိုအလုပ်ထုတ်ပယ်ကြောင်း အသိပေးခဲ့တာဖြစ်ပါတယ်။ 

သုတချမ်းသာ

တရားရုံး
VOA

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013