Home
ဆောင်းပါး
လိုင်စင်မဲ့ယာဉ်ကို ပွဲတော်တည်ပြန်တဲ့ တရားမဝင် စစ်ကောင်စီ
DVB
·
June 21, 2025

ဖုန်းဝင်လာတာနဲ့ သူ့ခြေထောက်ကျိုးသွားပြီလို့ ဘကြီးက ထုံးစံမပျက် အရင်းမရှိ အဖျားမရှိ ပြောချလိုက်တော့ ကျနော် လန့်သွားတယ်။

အသက် ၈၀ စွန်းစအရွယ်၊ ဘယ်လောက် ကျန်းမာရေးကောင်းတယ်ပြောပြော၊ အရိုးကပွနေပြီမို့ အငြိမ်မနေတဲ့ ဘကြီး ကျိုးမယ်ဆိုလည်း ကျိုးလောက်ဖွယ်။ ပြီးတော့ ဒီအရွယ်မှာ မသွားနိုင် မလာနိုင် ဖြစ်သွားရင် သေလမ်းနဲ့လည်း သိပ်နီးသွားနိုင်တာကြောင့် စိုးရိမ်တကြီးနဲ့ အခု အခြေအနေ ဘယ်လိုလဲလို့ မေးကြည့်မိ။

“ခြေထောက် တကယ်ကျိုးတာမဟုတ်ဘူး။ စခတွေ Without တွေ လိုက်ဖမ်းနေလို့ ဘကြီးဆိုင်ကယ် ဖွက်ထားရလို့ ဘယ်မှမသွားရဖြစ်နေတာကို ပြောတာ” လို့ ဘကြီးက ပြန်ပြောတယ်။

“ဘကြီးဆိုင်ကယ်က လိုင်စင်ရှိတယ်မဟုတ်လား”

“လိုင်စင်သက်တမ်းကုန်နေတာ ၃ နှစ်ကျော်ပြီ။ တမင်သက်တမ်းမတိုးတာ”

တမင်သက်တမ်းမတိုးရခြင်း အကြောင်းကို နားမလည်လို့ မေးကြည့်တော့ စစ်ကောင်စီကို အခွန်မပေးချင်တာကြောင့်လို့ ဆိုတယ်။ ဘကြီးမှမဟုတ်၊ ကျနော်တို့မြို့မှာ လိုင်စင်သက်တမ်း ကုန်ပြီးနောက် အခွန်မပေးချင်လို့ သက်တမ်းမတိုးတဲ့ ဆိုင်ကယ်တွေ မနည်း။ ပြီးတော့ နယ်စပ်နဲ့ သိပ်မဝေးလွန်းတဲ့ တောမြို့လေးဖြစ်တာကြောင့် လိုင်စင်မဲ့ဆိုင်ကယ်တွေလည်း ခပ်များများ။

ကျနော်တို့မြို့လေးဟာ တော်လှန်ရေးတပ်တွေနဲ့လည်း ခပ်လှမ်းလှမ်းမို့ အပေါ်ယံ ရေပေါ်ပေါ်နေတဲ့ မြင်သာထင်သာအပိုင်းကို ကြည့်လိုက်ရင် ခေတ်ကြီးနဲ့ ကင်းကွာ၊ အတိတ်မေ့နေတဲ့ လူသားတွေပမာ နွေဦးတော်လှန်ရေးဆိုတာ သူတို့နဲ့ မဆိုင်သလိုမျိုး ထင်ရ။ တချို့က စစ်ကောင်စီမြို့လို့တောင် အငေါ်တူးကြသေးလေတော့ အခု အခွန်မပေးချင်လို့ လိုင်စင်သက်တမ်း မတိုးကြတဲ့အကြောင်းကို ကြားရတော့ ဘာပဲဖြစ်ဖြစ် ကျေနပ်ရ။ သူတို့နည်း သူတို့ဟန်နဲ့ သူတို့တတ်နိုင်သလောက် ဆန့်ကျင်နေကြတဲ့ နွေဦးတော်လှန်ရေး။

ဇာတ်ရဲ့အစမှာ ပြောမိပြောရာ မင်းအောင်လှိုင်။ လိုင်စင်မဲ့ယာဉ်တွေကြောင့် အခွန်နစ်နာ၊ လုံခြုံရေး ပြဿနာလည်း ရှိတာကြောင့် ကြပ်မတ်ဖို့လိုကြောင်း မေလ ၂၀ ရက်၊ နေပြည်တော်အစည်းအဝေး တရပ်မှာ ပြောကြားခဲ့ရာကနေ စစ်ကောင်စီ ထိန်းချုပ်မြို့တွေမှာ ဝုန်းဒိုင်းကြဲကြတယ် ဆိုပေမဲ့ အစပျိုးခန်းက ရန်ကုန်မှာ ဘက်ထရီစက်ဘီး ဖမ်းဆီးငွေညှစ်ခြင်းနဲ့။

မေလ ၂၂ ရက်၊ ရန်ကုန်မှာ ဗိုလ်မှူးချုပ်ဟောင်းချိုထွန်းအောင် လုပ်ကြံခံရပြီး နောက်တရက်ကစလို့ ဘက်ထရီစက်ဘီးဖမ်းကာ ငွေညှစ်ခြင်းအမှုကို စစ်အုပ်စုဝင်တွေ စတင်လိုက်တယ်။ ဘာ့ကြောင့် ဘက်ထရီဘီး ဖမ်းရတာလဲဆိုတော့ ထွက်ပေါ်လာတဲ့ စီစီတီဗီ မှတ်တမ်းထဲမှာ ဗိုလ်မှူးချုပ်ဟောင်းကို ပစ်ခတ်ခဲ့သူတွေဟာ ဘက်ထရီဘီး စီးလာတာကြောင့်လို့ ဆိုကြတယ်။

စတင်ကွင်းဖွင့်လိုက်တာက ဗိုလ်မှူးချုပ်ဟောင်း အပစ်ခံရတဲ့ မရမ်းကုန်းနဲ့ မြောက်ဥက္ကလာ။ အဲဒီနောက် ရန်ကုန်စည်ပင်နယ်နိမိတ်ထဲက ဆင်ခြေဖုံးမြို့တချို့။ ဇွန်လဆန်းတော့ ရန်ကုန်စည်ပင်နယ်နိမိတ် အပြင်ဘက် သန်လျင်၊ ကျောက်တန်း၊ ခရမ်း။ ဘက်ထရီဘီးတင် မကတော့၊ E-bike ရော ဘေးတွဲ/နောက်တွဲ ဆိုင်ကယ်တွေပါ ဖမ်းပြီး ထုံးစံမပျက် ငွေညှစ်။ ဗိုလ်မှူးချုပ်ဟောင်းအတွက် နိုင်ရာ ပြည်သူကို ပြန်လက်စားချေကြတဲ့ သဘောလား၊ မသာကို အကြောင်းပြုကာ ဖဲဝိုင်းထောင်စားကြတာများလား မပြောတတ်။ ဘက်ထရီဘီးနဲ့ တဆက်တည်း လိုင်စင်မဲ့ယာဉ် စစ်ဆင်ရေးကိုလည်း ဇွန်လဆန်းကစလို့ ပျော်ပျော်ကြီး စတင်တယ်။

မော်လမြိုင်မြို့ပေါ်မှာ ဖမ်းမိတဲ့ လိုင်စင်မဲ့ဆိုင်ကယ်က အပျံစားဆိုရင် သိန်း ၆၀။ ဆိုင်ကယ်လည်း ပြန်လိုချင်၊ ထောင်ထဲလည်း မဝင်နိုင်ဘူး ဆိုရင်တော့ ပွဲစားတွေနဲ့ သွားညှိ။

“ဖမ်းတဲ့အဖွဲ့တွေရဲ့ မလှမ်းမကမ်းမှာ ပွဲစားတွေရှိတယ်။ အဲဒီပွဲစားတွေက ဖမ်းတဲ့ကောင်တွေ ကိုယ်စား ငွေအလျှော့အတင်း ညှိပေးတာ” လို့ ဘကြီးက ဆိုတော့ စစ်ကောင်စီ ခေတ်မီလာပြီလို့ ချီးကျူးရတော့မလို။

မွန်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ် အဖမ်းအဆီး အကြမ်းဆုံးမြို့က သထုံ။ မြို့အဝင်အထွက် နေရာတွေမှာ ဂိတ်ချပြီးလည်း ဖမ်း။ သထုံမြို့တွင်း ကင်းလှည့်ပြီးလည်း ဖမ်း။ အိမ်တွေထဲထိလည်း ဝင်ဖမ်း။ ၁၀ ရက်ကျော်အတွင်း ဖမ်းဆီးခံရသူ ၁၀၀ ကျော်။ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အရ ဖမ်းမိတဲ့ လိုင်စင်မဲ့ယာဉ်ကို သိမ်းပြီး ထောင် ၃ လနဲ့ ဒဏ်ငွေ ၃ သိန်း ပြစ်ဒဏ်။ ထောင် ၃ လ တောင်မှ ထောင်ကနေ ထမင်းမကျွေး၊ ကိုယ့်ထမင်းကိုယ်စားပြီး ထောင် ၃ လ ကျခံရတယ်လို့ သတင်းတချို့မှာ ဖတ်ရတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ မေလ ၁၉ ရက် ထုတ်ပြန်ချက်မှာ ထောင်ဘတ်ဂျက် လျော့လာတာကြောင့် အကျဉ်းသားတွေကို အစားအသောက် လျှော့ကျွေးနေတယ်လို့ ဆိုထားလေတော့ အရင့်အရင် တခါမှ မကြားခဲ့ဘူးတဲ့ ကိုယ့်ထမင်းကိုယ်စား ထောင် ၃ လဆိုတာ မှန်တဲ့ပုံ။ ပြီးတော့ ဒဏ်ငွေ ၃ သိန်း မဆောင်နိုင်သူတွေကို ထောင်ကျပြီးရင် စစ်မှုထမ်းပို့မယ်လို့လည်း ရာဇသံပေးထားလိုက်သေးသတဲ့။

အဆိုးရွားဆုံးဖြစ်စဉ်တရပ်က သထုံဈေးနားမှာ အဖမ်းခံရတဲ့ ဘေးတွဲယာဉ်မောင်းက “ခင်ဗျားတို့ စစ်သားတွေ၊ ရဲတွေ ကိုယ်တိုင်လည်း လိုင်စင်မဲ့ယာဉ် စီးနေတာပဲ၊ တနေ့လုပ် တနေ့စား ကျနော်တို့ ဘေးတွဲတွေကို စာနာပါ” လို့ ပြောမိတာကြောင့် ရဲစခန်းမှာ ဝိုင်းရိုက်သတ်ကြတာ ဒဏ်ရာများစွာနဲ့ သေဆုံးသွားလေသတဲ့။ ဇွန် ၆ ရက်မှာ အဖမ်းခံရပြီး ၁၁ ရက်မှာ သထုံမြို့နယ်မှူးက ဘေးတွဲဆရာရဲ့ အိမ်ကို ရောက်လာ၊ အလောင်းလာထုတ်ဖို့နဲ့ လျှောက်မပြောဖို့ ခြိမ်းခြောက်ပြီး နှုတ်ပိတ်ခ ငွေနှစ်သိန်း ပေးသွားတယ်လို့ ဆိုရဲ့။ မခံနိုင်လို့ ပြန်ပြောမိတာလောက်နဲ့ သေအောင်ရိုက်သတ်ခံရတဲ့ ပြည်သူ့ဘဝ။

တကယ်တော့ လိုင်စင်မဲ့ယာဉ်ဆိုတာ နယ်စပ်ကနေ စစ်တပ်ဂိတ်တွေကို ပိုက်ဆံပေးဖြတ်ပြီးတော့မှ မြို့ပြဆီ ရောက်လာကြတာ အားလုံးအသိ။ မြို့ပေါ်မှာ ပြည်သူတွေကို ပြန်ရောင်းတော့ လိုင်စင်မဲ့ယာဉ်ရဲ့တန်ဖိုး၊ ဂိတ်ဖြတ်လိုင်းကြေးနဲ့ ဒေသအာဏာပိုင်တွေကို ပသကြေး စုစုပေါင်း ကုန်ငွေကို အရင်းလို့ သတ်မှတ်ပြီးမှ အမြတ်တင် ရောင်းကြတယ် မဟုတ်လား။ ဆိုတော့၊ ပြည်သူတွေက လိုင်စင်မဲ့ယာဉ် ဝယ်စဉ်ကတည်းက လိုင်းကြေးငွေ ပေးပြီးသား။ အခု လိုင်စင်မဲ့ယာဉ် ပိုင်ဆိုင်တော့လည်း အသိမ်းခံရ၊ အဖမ်းခံရ၊ ဒဏ်ကြေးလည်း ထပ်ဆောင်ရ၊ ကံဆိုးရှာသူက အသတ်ပါခံရ။ မိအေးတို့နာချက်က ပက်ပက်စက်စက်။ လိုင်စင်မဲ့ စစ်ကောင်စီရဲ့ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးချက်က ကမ္ဘာ့အဆင့် ဖျားလောက်ဖွယ်ရာ။

တိုက်ဆိုင်မှုတခုလား၊ မြန်မာပြည်တွင်း အဲဒီလို ဖမ်းဆီးငွေညှစ်နေတဲ့ သတင်းကို ကြားပြီး အကြံပေါ်သွားတာလားတော့ မသိ။ မဆင်မခြင်မောင်းနေတဲ့ E-bike တွေကြောင့် ယာဉ်တိုက်မှု မကြာခဏ ဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မဲဆောက်မြို့မှာလည်း ထိုင်းရဲတွေက ဇွန် ၇ ရက်ကစပြီး ဖမ်းဆီးငွေညှစ်ကြပြန်တယ်။ မဲဆောက်မှာ E-bike စီးသူတွေက မြန်မာတွေချည်း။ ဖမ်းမိတဲ့ E-bike တွေကို အဟောင်း၊ အကောင်းပေါ်မူတည်ကာ ဘတ် ၁,၅၀၀ ကနေ ဘတ် ၅,၀၀၀ လောက်အထိ ထိုင်းရဲတွေက တောင်းရမ်း၊ မပေးနိုင်ရင် E-bike ဆုံးပြီ ဆိုတော့လည်း ဘယ်တတ်နိုင်မှာလဲ။ ဒါ့ကြောင့် အခုဆိုရင် မဲဆောက်မြို့လမ်းတွေပေါ်  E-bike တွေ လုံးဝမရှိ။ ကိုယ့် E-bike ကိုယ် ထုပ်ပိုးကာ ပြန်စီးခွင့်ရလာမယ့်တချိန်ကို မျှော်လင့်လို့ နိုင်ငံရေးတိမ်းရှောင် ပြည်ပြေးတို့ဘဝကလည်း အဲဒီလို အထုအထောင်း ခံလိုက်ရမယ်ဆိုတာချည်း။

လိုင်စင်သက်တမ်းမတိုး၊ အခွန်မဆောင်နိုင်ဘူးလို့ ပိုင်းဖြတ်ထားတဲ့ ကျနော့်ဘကြီးကလည်း သူ့ဆိုင်ကယ် PCX ကြီးကို မိုးကာအုပ်၊ ဟောင်းမြင်းနေပြီဖြစ်တဲ့ စက်ဘီးအိုနဲ့ လတ်တလော တောင့်ခံလိုက်ဦးမယ်တဲ့။ ပစ်ထားတာ ကြာပြီဖြစ်တဲ့ စက်ဘီးအိုကြီးကို တိုက်ချွတ် သန့်စင်မွန်းမံခြင်းအမှု တကုပ်ကုပ် ပြုလုပ်နေလေရဲ့။

ထွန်းလင်း

တရားမဝင်
လိုင်စင်မဲ့ယာဉ်
စစ်ကောင်စီ
ထွန်းလင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013