Home
နိုင်ငံတကာ
SpaceX Starship ထပ်မံပေါက်ကွဲမှုကြောင့် မတ်စ်ခ်၏ အင်္ဂါဂြိုဟ် ရည်မှန်းချက် နှောင့်နှေး
DVB
·
June 21, 2025

SpaceX ရဲ့ ဧရာမ အာကာသဒုံးပျံယာဉ် Starship စမ်းသပ်နေချိန် လွှတ်တင်စင်ပေါ်မှာတင် ပေါက်ကွဲခဲ့တာကြောင့် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်ရဲ့ အင်္ဂါဂြိုဟ်ကို လူစေလွှတ်ဖို့ ရည်မှန်းချက် နှောင့်နှေးစရာ ဖြစ်လာခဲ့ပါတယ်။

ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ ည ၁၁ နာရီဝန်းကျင်မှာ အကြီးအကျယ် ပေါက်ကွဲမှုနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။

တက္ကဆက် Starbase လွှတ်တင်စခန်းမှာ ၁၀ ကြိမ်မြောက် စမ်းသပ်ပျံသန်းမှုအတွက် ပြင်ဆင်နေချိန် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ အမှုထမ်းအားလုံး ဘေးကင်းတယ်လို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။

ကနဦးအချက်အလက်တွေအရ  ဝန်တင်တဲ့ အခန်းထဲက နိုက်ထရိုဂျင် COPV တခုဟာ ခံနိုင်တဲ့ ဖိအားအောက်မှာ ချို့ယွင်းသွားခဲ့တာဖြစ်ပြီး ဒီ ဒီဇိုင်းအတွက် ပထမဆုံးပဲလို့ မတ်စ်ခ်က လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

Starship ဒုံးပျံယာဉ်ဟာ အနည်းဆုံး နှစ်ကြိမ်လောက် ဆက်တိုက်ပေါက်ကွဲခဲ့ပြီး ကောင်းကင်ယံမှာ မီးလုံးကြီးတွေ တက်လာပြီးတော့ အမှုန်အမွှားတွေပါ လွင့်စင်ထွက်ခဲ့ပါတယ်။

ပေ ၄၀၀ တောင်မြင့်တဲ့ Starship ဒုံးပျံယာဉ်ဟာ အင်္ဂါဂြိုဟ်ကို လူစေလွှတ်ဖို့ မတ်စ်ခ်ရဲ့ ရည်မှန်းချက်မှာ အဓိကကျပါတယ်။

ဒါပေမဲ့ ဒီနှစ်ထဲမှာ ချို့ယွင်းမှုတွေနဲ့ချည်း ဆက်တိုက်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

မေလနှောင်းပိုင်းတုန်းကလည်း စမ်းသပ်လွှတ်တင်လိုက်တဲ့ Starship ဟာ စမ်းသပ်ရည်မှန်းချက်တွေ အထမမြောက်မီမှာပဲ ထိန်းချုပ်မှု လွတ်သွားခဲ့ပါတယ်။

ဒါပေမဲ့ ဒီနှစ်အစောပိုင်းက လွှတ်တင်မှုနှစ်ခုမှာ ပေါက်ကွဲခဲ့တဲ့ ပွိုင့်တွေကို ကျော်လွန်နိုင်ခဲ့ပါတယ်။

အဲဒီရှေ့ နှစ်လလောက်က လွှတ်တင်လိုက်အပြီးမှာ ပေါက်ကွဲတဲ့အတွက် ဖလော်ရီဒါမှာ လေကြောင်းခရီးစဉ်တချို့ ယာယီရပ်ဆိုင်းခဲ့ရပါတယ်။

ဇန်နဝါရီလကလည်း လွှတ်တင်လိုက်ချိန် ပေါက်ကွဲခဲ့တဲ့အတွက် ကာရေဘီယံကျွန်းတွေပေါ် အမှုန်အမွှားတွေ ကျခဲ့သလို လေယာဉ်တချို့ပါ လမ်းကြောင်းပြောင်းခဲ့ရဖူးပါတယ်။

Source: Reuters

SpaceX
Starship

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013