Home
မြန်မာသတင်း
ဘန်ကောက်တွင် တနေ့ အနိမ့်ဆုံးလုပ်အားခ ဘတ် ၄၀၀ တိုးမြင့်သော်လည်း ဖူလုံမှုမရှိသေး 
DVB
·
June 20, 2025

ထိုင်းမှာ ဘန်ကောက်အပါအဝင် ခရိုင်တချို့က လုပ်ငန်းခွင်တွေမှာ အခြေခံလုပ်အားခ တနေ့ ဘတ် ၄၀၀ အထိ တိုးမြင့်ဖို့ ရှိပေမဲ့ ကုန်ဈေးနှုန်း မြင့်လာတဲ့အတွက် ဖူလုံမှု မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

ဘန်ကောက်မြို့က အလုပ်သမားတွေ အပါအဝင် တခြားခရိုင်က လုပ်ငန်းခွင်တချို့က အလုပ်သမားတွေအတွက် နေ့တွက် အနိမ့်ဆုံးလုပ်အားခ ဘတ် ၄၀၀ ကို လာမယ့် ဇူလိုင် ၁ ရက်ကနေ စတင် အကျုံးဝင်မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇွန် ၁၇ ရက်က ထုတ်ပြန်ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်းမှာ မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းတွေနဲ့အတူ တနှစ်တနှစ် လုပ်ဆောင်နေတဲ့ ဗီဇာအထောက်အထား ကုန်ကျစရိတ်တွေကြောင့် အနိမ့်ဆုံးလုပ်အားခ ဖူလုံမှု မရှိဘူးလို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

Labour Rights Foundation စည်းရုံးရေးမှူး ကိုဇော်က “ကျနော်တို့ အလုပ်သမားတယောက်အနေနဲ့ဆို ဒီ ၄၀၀ ဘတ်က မဖူလုံနိုင်ဘူး။ တယောက်တည်း နေတဲ့သူဆို ဖူလုံတယ်။ သို့သော်လည်း ကျနော်တို့မှာ စာရွက်စာတမ်း ကုန်ကျစရိတ်တွေနဲ့ နေထိုင် စားသောက်စရိတ်တွေ ကုန်ဈေးနှုန်းတွေ တအား တက်လာတယ်။ တနေ့တနေ့ တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ ရရှိတဲ့ လုပ်အားခ၊ တလတလမှာ ကုန်ကျတဲ့ လုပ်သားထုရဲ့ ကုန်ကျစရိတ်နဲ့ ပြန်တွက်ကြည့်မယ်ဆိုရင် ဒါတွေက အရမ်းနည်းတယ်ပေါ့။ ဘတ် ၄၀၀ ကို ကျနော်တို့က တနိုင်ငံလုံး တန်းတူမရမချင်း ရွှေ့ပြောင်းလုပ်သား သွေးစည်းညီညွှတ်ရေးသမဂ္ဂရယ်၊ Labour Rights Foundation ရယ်၊ ထိုင်းအလုပ်သမား သမဂ္ဂတွေ ပူးပေါင်းပြီး တောင်းဆိုသွားမှာပါ။ ဥပမာ- မဲဆောက်ခရိုင်လိုမျိုးဆို ၃၃၀ ဘတ် ပေးထားတာကြာပြီ။ သို့သော်လည်း အခုလက်ရှိ ရနေချိန်မှာ ၂၀၀ ဝန်းကျင်ပဲ ရတာလည်း တပုံတခေါင်းပဲ။ အဲဒါမျိုးကိုလည်း ဥပဒေက သတ်မှတ်ထားပေမယ့် ထိုင်းအစိုးရက တိုက်ရိုက်ကြည့်ရှုဖို့ လိုတယ်လို့ ထပ်ဖြည့် ပြောချင်ပါတယ်”လို့ ပြောပါတယ်။

တနေ့ ဘတ် ၄၀၀ ကို ဘန်ကောက်ခရိုင် တခုလုံးမှာရှိတဲ့ လုပ်ငန်းခွင်တိုင်းက အလုပ်သမားတွေ ရရှိမှာဖြစ်ပါတဉ်။

ကျန်တဲ့ ခရိုင်တွေကတော့ လုပ်ငန်းအမျိုးအစားပေါ် မူတည်ကာ ကြယ် ၂ ပွင့်အထက် အဆင့်အတန်းနဲ့ အိပ်ခန်းပေါင်း ၅၀ အထက်ပါ ဟိုတယ်အလုပ်သမားတွေ၊ ခရီးသွားလုပ်ငန်းနဲ့ ဘားဆိုင်၊ ကေတီဗွီ စတဲ့ ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ်သမားတွေ ရရှိမယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဘန်ကောက် အပါအဝင် အနီးနားဝန်းကျင်က ခရိုင်တွေမှာ အလုပ်သမားတွေရဲ့ အနိမ့်ဆုံးလုပ်ခက တရက်ကို ဘတ် ၃၇၀ ဝန်းကျင် ရှိပြီး၊ တခြား ခရိုင်တွေမှာတော့ ဘတ် ၃၃၀ ဝန်းကျင်ကနေ ၃၈၀ အထိ လုပ်ငန်းအမျိုးအစားလိုက် ရကြပါတယ်။

ဘန်ကောက်မြို့နေ ရွှေ့ပြောင်းလုပ်သား အမျိုးသမီးတယောက်က “ဘတ် ၄၀၀ ရမယ်ဆိုရင် အိုတီ (အချိန်ပို) ကလည်း ဒီဘတ် ၄၀၀ ပေါ် မူတည်ပြီး ပိုလာမှာလေ။ အဲဒီအခါကျတော့ အလုပ်သမားတွေအတွက် ပိုအဆင်ပြေတာပေါ့။ ဒါပေမဲ့ တခုတော့ရှိတယ်၊ အလုပ်ရုံတွေဘက်က အလုပ်သမားတွေ ဘတ် ၄၀၀ ပေးလာရပြီဆိုရင် အိုတီကို ဖြုတ်ချင်လည်း ဖြုတ်မှာ။ ဘတ် ၄၀၀ ရမယ်၊ အိုတီလည်း တနာရီ ၇၅ ဘတ် ရမယ့်အပေါ်မှာ အများကြီး ဝမ်းသာတယ်။ အများကြီး ကောင်းတယ်။ အခုချိန်မှာ ထိုင်းနိုင်ငံမှာက ကုန်ဈေးနှုန်းက တက်နေတော့ လစာတိုးလည်း အလုပ်သမားတွေအတွက်တော့ အများကြီး မဖူလုံပါဘူး။ နောက်မကြာခင်လည်း ထိုင်းမှာ ကုန်ဈေးနှုန်းက တဖြည်းဖြည်း တက်လာတာပဲ။ လူနေမှုစရိတ်က ဘန်ကောက်မှာ များတယ်။ နောက်ပြီး ထိုင်းတောင်ပိုင်းက ဖူးခတ်တို့၊ ပင်လယ်ကမ်းခြေက မြို့တွေ လူနေမှုစရိတ်များတယ်။ အိမ်ခန်းခတွေ များတယ်”လို့ ပြောပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ  ၁ ရက် ကလည်း ထိုင်းနိုင်ငံအတွင်း အနည်းဆုံး အခကြေးငွေကို ခရိုင် အလိုက် အနိမ့်ဆုံး ဘတ် ၃၃၇ ဘတ်ကနေ ဘတ် ၄၀၀ အထိ တိုးမြှင့်ပေးခဲ့ပါတယ်။ 

ဇန်နဝါရီ ၁ ရက်က ဘတ် ၄၀၀ အထိ တိုးပေးခဲ့တဲ့ နေရာတွေကတော့ ဖူးခက်၊ ချွန်ဘူရီ၊ ယရောင်၊ ချာချင်ဆောင်းနဲ့ ခရီးသွားကျွန်းဖြစ်တဲ့ ကော့စမွေတို့ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဇူလိုင် ၁ ရက်မှာ အကျုံးဝင်မယ့် ဘတ် ၄၀၀ အထိ လုပ်ခလစာ တိုးမြင့်ပေးတာကို ဘန်ကောက် အပါအဝင် ခရိုင်အချို့က အလုပ်သမား စုစုပေါင်း ၇ သိန်းဝန်းကျင် စတင် ခံစားရမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဇွဲသစ်

ဘန်ကောက်
အနိမ့်ဆုံးလုပ်အားခ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013