Home
နိုင်ငံတကာ
အစ္စရေး-အီရန် ပဋိပက္ခထဲ အမေရိကန် ဝင်ပါ မပါ ထရမ့်ပ် ဆုံးဖြတ်မည်
DVB
·
June 20, 2025

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ မကြာခင်ကာလအတွင်း အီရန်နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ တကယ်ဖြစ်လာနိုင်ဖို့ အခွင့်အလမ်း ရှိနေတယ်ဆိုတဲ့အချက်ကို အခြေခံပြီး အစ္စရေး-အီရန် ပဋိပက္ခမှာ အမေရိကန် ပါဝင်မယ်၊ မပါဝင်ဘူး ဆိုတာကို လာမယ့် ၂ ပတ်အတွင်း ဆုံးဖြတ်ချက် ချလိမ့်မှာဖြစ်ကြောင်း အိမ်ဖြူတော်က ဇွန် ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ အတွင်းဝန် ကဲရိုလိုင်းန် လဲဗစ်ထ်က ထရမ့်ပ်ဆီက မက်ဆေ့ချ်တစောင်ကို ကိုးကားပြီး သတင်းထောက်တွေကို ပြောသွားတာ ဖြစ်ပါတယ်။

“သမ္မတက သံတမန်နည်းလမ်းအရ ဖြေရှင်းနည်းကို အမြဲတမ်း စိတ်ဝင်စားပြီးတော့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးတဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်။ သူဟာ ရှိထားတဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အင်အားတွေကို အသုံးချပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့ သမ္မတလည်း ဖြစ်ပါတယ်။ ဒါကြောင့် သံတမန်ရေးအရ အခွင့်အရေး ရလာရင်လည်း သမ္မတက အမြဲတမ်း ဖမ်းဆုပ်သွားမှာဖြစ်သလို သူဟာ အင်အားကို အသုံးချဖို့လည်း မကြောက်တတ်ပါဘူး” လို့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ အတွင်းဝန် ကဲရိုလိုင်းန် လဲဗစ်ထ်က ပြောပါတယ်။

ထရမ့်ပ်ဟာ အီရန်နဲ့ သံတမန်နည်းလမ်းအရ ဖြေရှင်းဖို့ကို စိတ်ဝင်စားနေကြောင်း လဲဗစ်ထ်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပေမဲ့ ထရမ့်ပ်ရဲ့ ထိပ်တန်းဦးစားပေးက အီရန်ကို နျူလက်နက် မရနိုင်ဖို့ဘဲ ဖြစ်ပါတယ်။

ဘယ်လိုသဘောတူညီချက်ဖြစ်စေ တီဟီရန်က ယူရေနီယံသန့်စင်မှုကို တားမြစ်ရမှာ ဖြစ်ပြီးတော့ အီရန်ရဲ့ နျူကလီးယားလက်နက် ရရှိနိုင်စွမ်းကို ဖယ်ရှားပစ်ရမှာဖြစ်ကြောင်း လဲဗစ်ထ်က ပြောဆိုပါတယ်။

တကယ်လို့ ထရမ့်ပ်ဟာ အီရန်အပေါ် တိုက်ခိုက်မှု လုပ်မယ်ဆိုရင် လွှတ်တော်ရဲ့ ခွင့်ပြုချက် ရယူမလား ဆိုတာကိုတော့ လဲဗစ်ထ်က ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

အီရန်ဟာ နျူကလီးယားလက်နက် ရရှိလာဖို့ဆိုတာ ဘယ်တော့မှ နီးစပ်မှုရှိမှာမဟုတ်ဘူးလို့ ဝါရှင်တန်က ယုံကြည်ထားကြောင်းလည်း လဲဗစ်ထ်က ပြောဆိုပါတယ်။

ထရမ့်ပ်ဟာ ကြာသပတေးနေ့က အစ္စရေးရဲ့ စစ်ဆင်ရေးနဲ့ ပတ်သက်လို့ အကျဉ်းချုံး ပြောကြားခဲ့ပြီး အီရန်ဟာ သူ့ရဲ့ နျူကလီးယားလက်နက်ဆိုင်ရာ လုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ သဘောမတူဘူးဆိုရင် ဆိုးရွားတဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရနိုင်မယ်လို့လည်း လဲဗစ်ထ်က ပြောပါတယ်။

ထရမ့်ပ်ဟာ စစ်ပွဲထဲမှာ အမေရိကန် ဝင်ပါနိုင်ခြေနဲ့ပတ်သက်လို့ ကမ္ဘာတဝန်းကို အတွေးများစေအောင် လုပ်ထားပြီး သံတမန်နည်းအရ အမြန်ဖြေရှင်းဖို့ အဆိုပြုခြင်းကနေ တဖက်မှာလည်း တိုက်ပွဲမှာ အမေရိကန် ပါဝင်နိုင်ခြေရှိကြောင်း ထင်မြင်ယူဆစေခဲ့တာ ဖြစ်ပါတယ်။

ဇွန် ၁၈ ရက်ကတော့ သူ ဘာလုပ်မယ် ဆိုတာကို ဘယ်သူမှ မသိဘူးလို့ ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။

အရင်တရက်ကတော့ သူဟာ ခါမေနီကို သတ်ဖြတ်ခြင်းနဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ စောင်းချိတ် ရေးသားခဲ့ပြီး အီရန်ကို ခြွင်းချက်မရှိ လက်နက်ချဖို့ တောင်းဆိုခဲ့ပါတယ်။

Source: Reuters

အီရန်
အစ္စရေး
ထရမ့်ပ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013