Home
မြန်မာသတင်း
မြန်မာ ၂ ဦးကို စိတ်ကြွမူးယစ်ဆေးပြား ၁ သိန်းကျော်နှင့်အတူ ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့် တပ်ဖမ်းဆီး
DVB
·
June 20, 2025

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ကော့ဘဇားခရိုင်ထဲမှာ ယာဘစိတ်ကြွမူးယစ်ဆေးပြား ၁ သိန်းကျော် သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၂ ယောက်ကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)က ဖမ်းဆီးနိုင်ခဲ့တဲ့အကြောင်း BSS သတင်းတပုဒ်မှာ ဇွန် ၁၉ ရက်က ဖော်ပြပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောခရိုင်ထဲက ကျေးရွာက အသက် ၂၀ အရွယ် မိုဟာမက်ဒ်ဇူဘေရာနဲ့ ၂၂ နှစ်အရွယ် နူရူလာမင်တို့ဖြစ်တယ်လို့ ဖော်ပြပြီး သူတို့ဟာ  ရေလုပ်သားအသွင်ဆောင်ပြီး မူးယစ်ဆေးပြားတွေကို မှောင်ခိုသယ်ဆောင်လာခဲ့ကြတာလို့ ဆိုပါတယ်။

သတင်းပေးချက်အရ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေက နှစ်နိုင်ငံနယ်နိမိတ် နတ်မြစ်တလျှောက် စောင့်ဆိုင်းနေချိန် ဇွန် ၁၈ ရက်ည ၁၁ နာရီလောက်မှာ မြစ်အတွင်း လှေတစင်းရဲ့ လှုပ်ရှားမှုကို သံသယဖြစ်ဖွယ် တွေ့ရှိရတာကြောင့် လိုက်လံခဲ့ကြတာပါ။

BGB တပ်ဖွဲ့တွေ ရှိနေတာကို သတိပြုမိတာကြောင့် မှောင်ခိုသမားတွေဟာ အလျင်အမြန် ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ သူတို့ကို နှစ်နိုင်ငံ ရေနယ်နိမိတ် သုညမျဉ်းအတွင်း ကိုက် ၁၀၀ လောက်အကွာမှာ လှေကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် BGB တပ်ဖွဲ့တွေက လှေကို ရှာဖွေခဲ့ချိန်မှာတော့ အထူးပြုလုပ်ထားတဲ့  ပိုက်ကွန်အောက်မှာ ဝှက်ပြီးသယ်ဆောင်လာတဲ့ ယာဘစိတ်ကြွမူးယစ်ဆေးပြား ၁၂၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(BGB) သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကနဦးစစ်ဆေးမေးမြန်းမှုတွေအရ ဖမ်းမိသူတွေဟာ အဆိုပါ မူးယစ်ဆေးဝါးတွေကို မြန်မာနိုင်ငံဘက်က ယူဆောင်ကာ မြစ်အတွင်း ငါးဖမ်းဖို့ အကြောင်းပြချက်နဲ့ ဖြတ်သန်းပြီးတော့ စောင့်ဆိုင်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ကြံရာပါတွေဆီ လွှဲပြောင်းပေးအပ်ဖို့ စီစဉ်ခဲ့တာလို့ ပြောပါတယ်။

လတ်တလောမှာတော့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို ဥပဒေအရ အရေး ယူဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး ဒီအမှုမှာ ပါဝင်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို ဖော်ထုတ်နိုင်ဖို့လည်း လုပ်ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Source:  BSS News

မြန်မာ
ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့် တပ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013