
လက်ရှိ အစ္စရေး-အီရန် ပဋိပက္ခမှာ အမေရိကန် ပါမယ်၊ မပါဘူးဆိုတဲ့ ကိစ္စမှာ အီရန် လျှို့ဝှက်နျူစခန်းကို ဖျက်ဆီးနိုင်တဲ့ တခုတည်းသောလက်နက်လို့ ဆိုကြတဲ့ အမေရိကန်ရဲ့ ပေါင် ၃၀,၀၀၀ လေးတဲ့ ဗုံးနဲ့ အဲဒီဗုံးကို သယ်နိုင်တဲ့ တမျိုးတည်းသောလေယာဉ် B2-Spirit ကို သုံးမှာလားဆိုတဲ့ မေးခွန်းက အဓိကကျနေပါတယ်။
ဘန်ကာခွင်းဗုံးလို့ အလွယ်ခေါ်ကြပေမဲ့ တကယ်တမ်းမှာတော့ GBU-57 A/B MOP (Massive Ordnance Penetrator) ဆိုတဲ့ဗုံးဟာ တောင်တတောင်ကိုတောင် ဖြိုပစ်နိုင်တဲ့ တောင်ခွင်းဗုံး ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အစီအစဉ်တွေ အတည်ပြုထားပြီ၊ နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့ပဲ ကျန်တော့တယ်လို့ ပြောနေချိန်မှာ ဒီစခန်း၊ ဒီဗုံး၊ ဒီလေယာဉ်နဲ့ တကယ်သာကြဲချခဲ့ရင် ဘာတွေဖြစ်လာနိုင်သလဲဆိုတဲ့ အကြောင်းကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
ဖော်ဒိုး နျူကလီးယားစခန်း
ဖော်ဒိုးဟာ ပုံမှန်မြင်နေကျ နျူကလီယားစခန်းမျိုး မဟုတ်ပါဘူး။ ကမ်းမြို့အနီးက တောင်တခုပေါ်မှာ မြေအောက်ကို နက်နက်ရှိုင်းရှိုင်းတူးပြီးတော့ တည်ဆောက်ထားတဲ့ ဒီစခန်းမှာ ယူရေနီယမ်သန့်စင်တဲ့ စက်ဒလက်တွေ ထားရှိပါတယ်။ ဒီစခန်းဟာ မြေအောက် မီတာ ၉၀ လောက်အထိ အနက်မှာ တည်ဆောက်ထားတယ်လို့ ခန့်မှန်းရပါတယ်။
အီရန်နိုင်ငံကတော့ အရပ်ဘက်သုံး နျူကလီးယားစွမ်းအင်အတွက်ပဲလို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ အနောက်နိုင်ငံတွေကတော့ အဲဒီလို မယူဆပါဘူး။ ဖော်ဒိုးစခန်းက ယူရေနီယမ် ပမာဏဟာ ဆက်ပြီးသန့်စင်မယ်ဆိုရင် နျူကလီးယားဗုံး ၄ လုံး ထုတ်လို့ရလောက်အောင် မြင့်မားတယ်လို့ ဆိုထားပါတယ်။
အစ္စရေးဟာ လေကြောင်းအားသာမှုရှိတဲ့တိုင်အောင် သူ့ရဲ့ အဆင့်အမြင့်ဆုံးလက်နက်တွေ တောင်မှ ဖော်ဒိုး အတွင်းပိုင်းထိရောက်အောင် ပစ်လို့မရဘူးလို့ ဆိုပါတယ်။ ဒါကြောင့် အမေရိကန်နဲ့ ပေါင် ၃၀,၀၀၀ ဗုံး အဓိကကျလာတာ ဖြစ်ပါတယ်။
GBU-57A/B ပေါင် ၃၀,၀၀၀ ဗုံး
ဘန်ကာခွင်းဗုံး အားလုံးတို့ရဲ့ ဘိုးအေလို့ တင်စားရတဲ့ ဒီဗုံးဟာ ပေါင် ၃၀,၀၀၀ လေးတဲ့အတွက် အာဖရိက ဆင်တကောင်ရဲ့ အရွယ်လောက်ရှိတယ်လို့ အကြမ်းဖျင်း ပြောလို့ရပါတယ်။
မြေကြီးထဲကို ၆၁ မီတာအနက်အထိ ဖောက်ထွင်းနိုင်ပြီးတော့ သံကူကွန်ကရစ် ဆိုရင်တော့ ၁၈ မီတာအထိ ဖောက်ထွင်းနိုင်ပါတယ်။ အဲဒီလောက် ဖောက်ထွင်းပြီး အောက်ရောက်တော့မှ ယမ်း ပေါင် ၆,၀၀၀ လောက်က ထပ်ပေါက်ကွဲမှာ ဖြစ်ပါတယ်။
ကိုယ်ထည်ကို မြို့ရိုးတံခါးဖျက်တဲ့ တုံးကြီးတွေလို တည်ဆောက်ထားတာဖြစ်တဲ့အတွက် ပြုတ်ကျတဲ့အချိန်မှာ အကုန်ကွဲမသွားဘဲနဲ့ ကွဲသင့်တဲ့နေရာကျမှ အတိအကျကွဲအောင် ထိန်းချုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖော်ဒိုးစခန်းကို ထိအောင်ပစ်နိုင်ဖို့ လုံလောက်မှုရှိသလား ဆိုတာတော့ ဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး။
B-2 Spirit ဗုံးကြဲလေယာဉ်
GBU-57 ဗုံးကို သယ်နိုင်တာ B-2 Spirit ဗုံးကြဲလေယာဉ်တမျိုးပဲ ရှိပါတယ်။ ရေဒါပျောက်လေယာဉ်လို့ ပြောနိုင်တဲ့ ဒီဗုံးကြဲလေယာဉ် ၆ စင်းလောက် အိန္ဒိယသမုဒ္ဒရာထဲက အမေရိကန်-ဗြိတိန် လေတပ်စခန်း ဒီယေဂို ဂါစီယာကို မတ်လတည်းက ပို့ထားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဘာကြောင့်ပါလဲ။ သေချာတာကတော့ ဒီစခန်းဟာ အီရန်နိုင်ငံအထိ ပျံသန်းတိုက်ခိုက်နိုင်တဲ့ အကွာအဝေးအတွင်း ရှိနေပါတယ်။
ဗြိတိန်တော်ဝင်လေတပ်မတော်က လေတပ်ဗိုလ်ချုပ်ကြီး ဂရက်ဘက်ဂ်ဝဲလ်ကတော့ ဒီလို အထူးပြုလက်နက်နဲ့ဆိုရင် တလုံးနှစ်လုံးနဲ့တင် ပစ်မှတ်ကို ချိုးဖျက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
ဒါပေမဲ့ ဖော်ဒိုးစခန်းရဲ့ တည်ရှိရာအနက်ဟာ GBU-57 ဗုံးက ထွင်းဖောက်နိုင်တယ်လို့ သိထားတဲ့ အကွာအဝေးထက် ပိုနက်ရှိုင်းနေပါတယ်။ ဒါကြောင့် တိုက်ရိုက်ထိရင်တောင်မှ တချက်တည်းနဲ့ ဖျက်ဆီးနိုင်မလားဆိုတာ အာမခံချက်မရှိပါဘူး။
ထရမ့်ပ် ဘာလုပ်မလဲ
အစ္စရေးက အီရန်နယ်မြေတလွှားမှာ နျူကလီးယားသိပ္ပံပညာရှင်တွေ၊ ဗိုလ်ချုပ်ကြီးတွေကို ရှင်းလင်းတာ၊ ဒုံးကျည်စုဆောင်းထားတဲ့ နေရာတွေကို ဖျက်ဆီးတာ၊ ဒုံးလွှတ်စင်တွေ ဖျက်ဆီးတာတွေ လုပ်နေပေမဲ့ နျူကလီးယား ခြိမ်းခြောက်မှုကို အပြီးသတ် အဆုံးသတ်ဖို့ လုံလောက်တဲ့ အနေအထား မရှိပါဘူး။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ ဇွန်လ ၁၉ ရက်နေ့အထိ မတင်မကျပြောထားတုန်း ရှိပါသေးတယ်။ လုပ်ချင်လည်းလုပ်မယ်၊ မလုပ်ချင်လည်း မလုပ်ဘူး။ ကျုပ်ဘာလုပ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးဆိုတဲ့ ဖြေကြားချက်ဟာ အမျိုးမျိုး အဓိပ္ပာယ်ကောက်လို့ ရနေပါတယ်။ ဒါပေမဲ့ ဝေဟင်ဆီဖြည့်လေယာဉ်တွေ အပါအတင် အမေရိကန်စစ်လေယာဉ် ၃၀ လောက်ကို ဥရောပကို ရွှေ့ထားပြီးဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
GBU-57 ဗုံးဟာ ဖော်ဒိုးစခန်းကို ထိမှန်နိုင်တဲ့ နျူကလီးယားလက်နက် မဟုတ်တဲ့ တခုတည်းသော ရွေးချယ်စရာ ဖြစ်ပါတယ်။ ဒီလိုဆိုရင်တောင်မှ အောင်မြင်ဖို့အတွက် တနေရာတည်းကို အကြိမ်ကြိမ် ထိမှန်အောင် တိုက်ဖို့ လိုကောင်းလိုနိုင်ပါတယ်။
ဒါပေမဲ့ အဲဒီလိုသာ တိုက်ခိုက်ခဲ့ရင် ပဋိပက္ခ ပိုအရှိန်မြင့်လာပြီးတော့ အရှေ့အလယ်ပိုင်းက တင်းပြည့်စစ်ပွဲကြီးထဲမှာ အမေရိကန်ပါ နက်နက်ရှိုင်းရှိုင်း ပါဝင်ရတော့မယ့်အချိန် ရောက်သွားနိုင်တယ်လို့လည်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။
နောက်တချက်ကတော့ အီရန်ဟာ အမေရိကန်ရဲ့ ပေါင် ၃၀,၀၀၀ ဗုံး ဘာလုပ်နိုင်သလဲဆိုတာ ကောင်းကောင်းသိထားပါတယ်။ ဒါကြောင့် သူ့ဥမင်တွေကို ပိုခိုင်အောင် လုပ်ထားနိုင်သလို တခြားနည်း စဉ်းစားထားတွေလည်း ရှိနိုင်ပါတယ်။
ထရမ့်ပ်နဲ့ အမေရိကန်က ဒီပွဲမှာ တကယ် ကိုယ်တိုင်ကိုယ်ကျ ပါချင်သလား ဆိုတာကပဲ အဓိက မေးခွန်း ဖြစ်လာပါတယ်။ တကယ်သုံးခဲ့ရင်တော့ စစ်ပွဲရဲ့ စာမျက်နှာသစ် ဖွင့်လိုက်သလိုဖြစ်ပြီး အရှေ့အလယ်ပိုင်းတခွင် စစ်မီးကူးသွားပြီး ပိုကျယ်ပြန့်တဲ့ စစ်ပွဲကြီး ဖြစ်လာမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။
Photo: Reuters