Home
မြန်မာသတင်း
MNDAA က မုံးပေါ်ဒေသထွက် ဆန်များကို ပြင်ပထုတ်ရောင်းခွင့် ပိတ်ထားသဖြင့် ဆန်ဈေးမရ
DVB
·
June 20, 2025

ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲ၊ မုံးပေါ်ဒေသက ဆန်တွေကို ပြင်ပထုတ်ရောင်းခွင့် ပိတ်ထားလို့ ဆန်ဈေးမရ ဖြစ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသမီးတယောက်က “ဆန် အခု တအိတ် တသိန်းကျော်ပဲ။ ဆန် ရောင်းမကောင်းဘူး။ ၁၀၀ Kg တအိတ် တသိန်းခွဲပဲ ရှိတော့တယ်။ ဒီနှစ် ဆန်ဈေး သိပ်မရဘူး။ အခုလည်း MNDAA တွေ ဒေသ ပြင်ပဘက် မရောင်းခိုင်းဘူး။ အဲဒါကြောင့်မို့လို့လေ” လို့ ပြောပါတယ်။

မုံးပေါ်ဒေသကို MNDAA တပ်ဖွဲ့ ထိန်းချုပ်ထားပြီးနောက် ဒေသတွင်း ဆန်ဖူလုံမှုမရှိမှာ စိုးရိမ်တာကြောင့် ဒေသပြင်ပကို ထုတ်မရောင်းဖို့ ထိန်းချုပ်ထားတာလို့ သိရကြောင်း သူက ပြောပါတယ်။

အရင်က မုံးပေါ်ဒေသထွက် ဆန်၊ စပါးတွေကို တရုတ်နိုင်ငံဘက် အဓိက တင်ပို့နေတာ ဖြစ်ပါတယ်။

ဈေးသည် အမျိုးသမီးတယောက်ကလည်း “စပါးရိတ်ပြီး ခြွေပြီးပြီးချင်း လာဝယ်တဲ့သူတွေကို ရောင်းပေးနိုင်ရင်တော့ နည်းနည်းခံသာတယ်။ ချက်ချင်းလာဝယ်တဲ့သူတွေပေါ့” လို့ ပြောပါတယ်။

အဲဒီလို လာဝယ်တဲ့သူတွေကလည်း စပါးလှောင်ထားပြီး လိုအပ်တဲ့အချိန် ဆန်ကြိတ်ရောင်းကြတာမျိုးလောက်ပဲ ဖြစ်တာကြောင့် ဈေးသိပ်မပေးနိုင်ဘူးလို့ သူက ပြောပါတယ်။

ဆန်၊ စပါးဈေး မရပေမဲ့ အခုနှစ် ကောက်စိုက်ခ တမျိုးတည်းတင် နေ့စား တယောက်ကို ကျပ် ၂၅,၀၀၀ ကနေ ၃၀,၀၀၀ ကျပ်အထိရှိပြီး တခြားကုန်ကျစရိတ်တွေ ရှိနေသေးကာ လုပ်အားခနဲ့ ပြန်ရမယ့် စပါးက မကိုက်လို့ ‌လယ်သမားတွေ အခက်ကြုံနေကြရတယ်လို့ ဆိုပါတယ်။

မုံးပေါ်ဒေသကို မြောက်ပိုင်းမဟာမိတ်ညီနောင်ရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၇ ရက်ကစပြီး ကိုးကန့် MNDAA တွေ ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မုံးပေါ်ဒေသမှာ MNDAA ရဲ့ အုပ်ချုပ်ရေးယန္တရားလည်း လည်ပတ်နေသလို KIO ရဲ့ အုပ်ချုပ်ရေး ယန္တရားလည်း လည်ပတ်နေတဲ့ နေရာဒေသ ဖြစ်ပါတယ်။

mndaa
မုံးပေါ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013