
မန်ယူတောင်ပံကစားသမား ဂျေဒန်ဆန်ချိုဟာ အီတလီစီးရီးအေ ချန်ပီယံ နာပိုလီအသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီလိုက်ပါတယ်။
ဆန်ချိုဟာ မနှစ်ကရာသီက ချဲလ်ဆီးအသင်းဆီ တရာသီအငှားထွက်ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ပေမဲ့ ချဲလ်ဆီးဘက်က ပေါင် ၅ သန်း လျော်ကြေးပေးပြီး အပြီးသတ်ခေါ်ယူမယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့တာပါ။
ဆန်ချိုအနေနဲ့ မန်ယူအသင်းမှာလည်း အနာဂတ်မရှိနိုင်တာကြောင့် နာပိုလီအသင်းရဲ့ ချိတ်ဆက်မှုကို လက်ခံသဘောတူခဲ့တယ်လို့ စကိုင်းစပေါ့ အီတလီက ဖော်ပြပါတယ်။
ဒါပေမဲ့ မန်ယူနိုက်တက်နဲ့ နာပိုလီအသင်းတို့ကြားမှာ ပြောင်းရွှေ့ကြေးပမာဏ ဆွေးနွေးညှိနှိုင်းရဦးမှာ ဖြစ်ပြီး မန်ယူဘက်က ယူရို ၂၅ သန်း အလိုရှိနေတာပါ။
နာပိုလီအသင်းဘက်က အဲဒီပမာဏလောက် ပေးချေလိုခြင်းမရှိတာကြောင့် ဆန်ချိုရဲ့ ပြောင်းရွှေ့ကြေးပမာဏကို ဆက်လက်ဆွေးနွေးညှိနှိုင်းသွားရဖို့ ရှိနေပါတယ်။
နာပိုလီအသင်းမှာ မန်ယူကနေ ပြောင်းရွှေ့သွားတဲ့ ကွင်းလယ်လူ တွန်မီနေးက အကောင်းဆုံး ခြေစွမ်းပြနေပြီး တိုက်စစ်မှူး လူကာကူဟာလည်း အသင်းရဲ့ ချန်ပီယံလမ်းခရီးမှာ အဓိကကျတဲ့ တိုက်စစ်မှူး ဖြစ်ခဲ့ပါတယ်။