Home
မြန်မာသတင်း
စစ်ကောင်စီက ငပုတောဒေသခံ ၅ ဦးကို PDF နှင့် ပတ်သက်သည်ဟု စွပ်စွဲဖမ်းဆီး
DVB
·
June 20, 2025

စစ်ကောင်စီတပ်က ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ PDF တွေနဲ့ အဆက်အသွယ် ရှိနေတယ်လို့ စွပ်စွဲပြီး ဒေသခံ အရပ်သား ၅ ယောက်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က ငပုတောမြို့နယ်၊ မိုးတိမ်ပြင်ကျေးရွာ ဒေသခံ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ကို တော်လှန်ရေးတပ်ဖွဲ့ PDF တွေနဲ့ ပတ်သက်နေတယ်လို့ စွပ်စွဲပြီး ဇွန် ၁၈ ရက် ညက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “စစ်ဆေးဖို့ရှိလို့ ဖမ်းတာလို့ ပြောတာပဲ။ အကြမ်းဖက်အဖွဲ့တွေနဲ့ ပတ်သက်နေတယ်လို့ သတင်းရလို့ ဖမ်းတာတဲ့။ စစ်ကောင်စီတပ်က ဖမ်းတာပါ။ အဖမ်းခံရသူတွေ အများစုက ဇော်မျိုး ဆိုတဲ့ ကောင်လေး အပါအဝင် လူငယ်အမျိုးသားတွေ များတယ်” လို့ ပြောပါတယ်။

အဲဒီ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ဟာ လယ်ယာလုပ်ငန်း၊ ဆိုင်ကယ် ကယ်ရီဆွဲတဲ့ လုပ်ငန်း၊ ဈေးရောင်းတဲ့လုပ်ငန်း စတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အဖမ်းခံရသူတွေနဲ့ နီးစပ်တဲ့ ဒေသခံ အမျိုးသမီးတယောက်က “အခု အဖမ်းခံရတဲ့အထဲမှာ ပါတဲ့သူတွေ အားလုံးက မိသားစုနဲ့ အေးအေးဆေးဆေး နေတတ်သူတွေပါ။ အဲဒါကို PDF တွေနဲ့ ပတ်သက်နေတာလို့ ဖမ်းသွားတာ။ အခု မိသားစုတွေက ဘယ်လိုလုပ်ရမှန်းမသိဘူး ဖြစ်နေတယ်။ စွပ်စွဲခံရတာပါ” လို့ ပြောပါတယ်။

အဲဒီ အဖမ်းခံရသူ ဒေသခံ အရပ်သား ၅ ယောက်ဟာ အသက် ၂၀ ကျော် လူငယ် ၂ ယောက်၊ အသက် ၃၀ ကျော်အရွယ် ၂ ယောက်၊ အသက် ၂၈ ဝန်းကျင် တယောက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရပ်သားတွေကို ဖမ်းဆီးခံရအောင် စစ်ကောင်စီတပ်ကို သတင်းအမှားပေး ဖမ်းခိုင်းတာဟာ စစ်ကောင်စီက ခန့်ထားတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အဓိက ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

PDF
ငပုတောဒေသခံ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013