Home
နိုင်ငံတကာ
အီရန် နျူစခန်းကို အစ္စရေး တိုက်ခိုက်၊ အစ္စရေးဆေးရုံ အီရန် ဒုံးကျည်ထိ
DVB
·
June 19, 2025

အီရန်ရဲ့ အဓိက နျူကလီယားစခန်းတခုကို အစ္စရေးက ဇွန် ၁၉ ရက်မှာ ထပ်မံတိုက်ခိုက်ခဲ့ပြီး အီရန်ဒုံးကျည်တွေဟာလည်း အစ္စရေးဆေးရုံတခုကို ထိမှန်ခဲ့ပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ အီရန်နျူကလီးယားစခန်းတွေ ဖျက်ဆီးဖို့ အစ္စရေးနဲ့ အတူတွဲတိုက်မလားဆိုတာကို မတင်မကျ ပြောနေဆဲဖြစ်ပါတယ်။  

အစ္စရေးရဲ့ လေကြောင်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကြောင့် အီရန်စစ်တပ် အကြီးအကဲအများအပြား သေဆုံးခဲ့ရသလို နျူကလီးယားစခန်း အများအပြားလည်း ပျက်စီးခဲ့ပြီး ဖြစ်ပါတယ်။ 

တဖက်မှာလည်း အီရန်ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုကြေင့် အစ္စရေး အရပ်သား နှစ်ဒါဇင်ထက်မနည်း သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။  

၁၉ ရက်နေ့ကူးခါစ သန်းခေါင်ကျော်မှာ အာရက်ခ်ဒေသက  ခွန်ဒက်ဘ် နျူကလီးယားဓာတ်ပေါင်းဖိုကို ပစ်မှတ်ထားခဲ့ပြီး တစိတ်တပိုင်းပဲ ပြီးသေးတဲ့ heavy-water သုတေသနဓာတ်ပေါင်းဖိုပါ ထိမှန်တယ်လို့ ဆိုပါတယ်။ 

Heavy-water ဓာတ်ပေါင်းဖိုတွေဟာ သန့်စင်ပြီးယူရေနီယမ်လိုပဲ အက်တမ်ဗုံးရဲ့ အူတိုင်ပြုလုပ်ဖို့ သုံးနိုင်တဲ့ ပလူတိုနီယမ် အလွယ်တကူ ထုတ်နိုင်တာကြောင့် နျူလက်နက်ထုတ်ဖို့ သုံးမှာကို ပိုစိုးရိမ်ရတဲ့ ဓာတ်ပေါင်းဖို အမျိုးအစား ဖြစ်ပါတယ်။ 

နန့်တက်ဇ် ဧရိယာက စခန်းတခုကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပါတယ်။ 

အဲဒီနေရာမှာတော့ အဆင့်မြင့်နျူကလီးယားလက်နက် ဖွံ့ဖြိုးရေး အထူးကိရိယာတွေနဲ့ အစိတ်အပိုင်းတွေ ထားတာလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ 

ဇွန် ၁၉ ရက် ဒီနေ့နက်မှာ အစ္စရေးနိုင်ငံတွင်း လူနေထူထပ်တဲ့ ဧရိယာတွေကို  အီရန်ဒုံးကျည်တွေ ထိမှန်ခဲ့ပါတယ်။ အဲဒီထဲမှာ နိုင်ငံတောင်ပိုင်းက ဆေးရုံတရုံလည်းပါဝင်ခဲ့ပါတယ်။ 

တဲလ်အဗစ်မြို့တော် ကောင်းကင်ယံမှာ ဒုံးကျည်တွေနဲ့ ကြားဖြတ်ဟန့်တားပစ်ချမှုတွေ၊ ပေါက်ကွဲသံတွေ ကြားနေရပါတယ်။ အစ္စရေးနိုင်ငံအလယ်ပိုင်းမှာလည်း ဒုံးကျည်တိုက်ရိုက်ထိမှန်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

အစ္စရေးဘက်က ထုတ်ပြန်မှုမှာ အီရန်ဟာ အစ္စရေးကို ဒုံးကျည် ၄၀၀ ကျော်နဲ့ တိုက်ခိုက်ခဲ့ရာမှာ ၄၀ ဟာ လေကြောင်းကာကွယ်ရေးကို ထိုးဖောက်ဝင်ရောက်ပြီး ထိမှန်ခဲ့တာကြောင့်  သေဆုံးသူ ၂၄ ဦးရှိလာပြီး အကုန်လုံးက အရပ်သားတွေလို့ ဆိုပါတယ်။ 

အီရန်ဘက်က အစောပိုင်း ထုတ်ပြန်မှုမှာတော့ အစ္စရေးတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၂၄ ဦး ရှိပြီး အများစုက အရပ်သားတွေလို့ ဆိုပါတယ်။ ဒါပေမဲ့ နောက်ပိုင်း အသေအပျောက်တွေ ထုတ်ပြန်ထားနိုင်ခြင်း မရှိပါဘူး။ 

အမေရိကန်အခြေစိုက် အီရန်အရေးလှုပ်ရှားတဲ့ သတင်းအေဂျင်စီ HRANA ရဲ့ ရေတွက်မှုအရတော့ အစ္စရေး တိုက်ခိုက်မှုကြောင့် အီရန်မှာ ဇွန်လ ၁၈ ရက်နေ့အထိ သေဆုံးသူ ၆၃၉ ဦးအထိ ရှိလာပြီး ဒဏ်ရာရသူ ၁၃၂၉ ဦးရှိတယ်လို့ သိရပါတယ်။ ဒီစာရင်းတွေကို စိစစ်အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

Source: Reuters

အီရန်
အစ္စရေး
ဒုံးကျည်ပစ်ခတ်
နျူကလီးယားစခန်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013