Home
မြန်မာသတင်း
မြင်းခြံနှင့် မင်းကွန်းတွင် စစ်တပ်က ဗုံးကြဲ ပစ်ခတ်သဖြင့် ပြည်သူအချို့ သေဆုံးဒဏ်ရာရ
DVB
·
June 19, 2025

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ မြင်းခြံ-မြို့သာလမ်းပိုင်းရှိ သိမ်ကုန်းရွာအနီးနဲ့ ရွှေဘုံသာရွာဝန်းကျင်ကို ဇွန် ၁၈ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်လောက်မှာ စစ်တပ်က လေယာဉ် ၂ စီးနဲ့ ဗုံးကြဲပြီး လက်နက်ကြီးနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၃ ယောက် ဒဏ်ရာရပြီး တယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“လေယာဥ်က ၂ စီးဗျ၊ စက်သေနတ်နဲ့လည်း ပစ်တယ်၊ ဗုံးလည်း ချတယ်။ အဲ‌ဒီနေရာက သိမ်ကုန်းထိပ်၊ ဧကရာဇ်ဆီဆိုင်နားကို လုပ်သွားတာ။ မြို့သာကလည်း လက်နက်ကြီးနဲ့ ပစ်တယ်။ အဲဒီလက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရွှေဘုံသာ တောင်ဘက်၊ ကန်ကြီးနား ကျကွဲတာ” လို့ ဒေသခံရွာသားတယောက်က ပြောပါတယ်။

စစ်တပ်ရဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး၊ မြို့သာဘက်မှ ပစ်ခတ်ခဲ့တဲ့ လက်နက် ကျရောက်ပေါက်ကွဲမှုကြောင့် ရွှေဘုံသာရွာ တောင်ဘက် ကပ်လျက်ကန်အတွင်း ငါးမျှားနေတဲ့ မြင်သာရွာမှ၊ မောင်လှမျိုးသူ သေဆုံးပြီး၊ မောင်သားငယ် ဆိုသူကတော့ ခြေထောက်ပြတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။

မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတယောက်က “သူတို့ကတော့ တိုက်ပွဲမဖြစ်လည်း ဒီလိုပဲ လုပ်နေကျပဲ။ ခက်တာက စစ်တပ်ဘက်က အရပ်သားပဲ ပစ်မှတ်ထား တိုက်ခိုက်နေတာက စစ်တပ်ရဲ့ မှားယွင်းတဲ့ အချက်ပဲ။ ဘယ်သူမဆို ကိုယ့်မိသားစု၊ ကိုယ့်ဆွေမျိုးသားချင်း၊ ကိုယ့်ရွာသား သေဆုံးထိခိုက်မှုရှိသွားရင် သူတို့ ထောက်ခံချင်တဲ့သူတောင် ဆန့်ကျင်မှာပဲ။ အခုဟာက မည်းမည်းမြင်ရာ အကုန်ရန်သူလို့ ထင်မှတ်နေတာဆိုတာ့ စစ်တပ်ကတော့ ကျဆုံးမှာ အသေအချာပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ ဇွန် ၁၈ ရက်မှာ မြင်းခြံမြို့နယ် အပါအဝင် မတ္တရာမြို့နယ်အတွင်းက ထုံးဘို၊ ပြည်သာယာနဲ့ ကင်းရွာတောင်ဘက် နေရာများကို ပုသိမ်ကြီးမြို့နယ်၊ သရက်ကိုင်း အထိုင်စခန်းကနေ လက်နက်ကြီးနဲ့ ၉ ကြိမ်အထိ ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မတ္တရာမြို့နယ်မြောက်ဘက်ခြမ်းရှိ ပတ်လည်အင်းကျေးရွာအနီးကိုလည်း ဇွန် ၁၈ ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်ကလည်း စစ်ကောင်စီက ဂျက်ဖိုက်တာ တစီးနဲ့ ဗုံးကြဲခဲတာကြောင့် အင်းရွာဘေးရှိ စက်ရုံဝင်းအတွင်း ကျရောက်ပေါက်ကွဲကာ အဆောက်အအုံ တလုံး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသကို ဇွန်လ ၁၁ ရက်နေ့ကစလို့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတွေကို မီးရှို့ပြီး သံဃာတော် ၁ ပါးနဲ့ ပြည်သူ ၃ ယောက်ကို သတ်ဖြတ်သွားတယ်လို့ Wetlet information Network ဆီကနေ သိရပါတယ်။

Wetlet information Network ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “မင်းကွန်းနယ်ထဲက ရွာတွေကို စစ်တပ် စစ်ကြောင်းထိုးနေတဲ့ ၅ ရက်တာကာလမှာ ကင်းရွာနဲ့ ချောင်းမကြီးရွာတွေကို ဆက်တိုက် မီးတင်ရှို့ခဲ့လို့ လူနေအိမ်အားလုံးနီးပါးလောက် မီးလောင်ပျက်စီးပါတယ်။ ချောင်းမရွာကတော့ နည်းနည်းကျန်တယ်။ ကင်းရွာနဲ့ မင်းကွန်းရွာကြားက ဆုတောင်းပြည့် ဘုန်းကြီးကျောင်းထဲကိုလည်း ဝင်စီးပြီးတော့လည်း ကျောင်းထိုင်​ဘုန်းကြီးရယ်၊ ဘုန်းကြီးအမေနဲ့ ဘုန်းကြီးယောက်ဖတို့ ၃ ယောက်ကို ပစ်သွားပါတယ်။ ချောင်းမကြီးရွာက ရွာခံတွေလည်း ပြေးရင်းလွှားရင်း သူတို့စစ်ကြောင်းနဲ့တိုးပြီး အပစ်ခံရလို့ အမျိုးသမီး ၁ ယောက် ထပ်ပြီး သေဆုံးသွားခဲ့ပါသေးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ဇွန် ၁၃ ရက်နဲ့ ၁၄ ရက်တွေမှာ အခုလို ပြလုပ်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုနဲ့လည်း ဇွန် ၁၆ ရက်အထိ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြသေးတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းအခြေစိုက် ပကဖ တာဝန်ခံတယောက်က “သူတို့ အဲဒီစစ်ကြောင်းက စစ်ကိုင်းမြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ စစ်တပ်ကာကင်းစခန်းတွေက စစ်သား​တွ စုပြီး မင်းကွန်းရွာထဲကို အရင်ဦးစွာစစ်​ကြောင်းထိုးတယ်။ အဲဒီကနေ ကင်းရွာဘက်ကို ဆက်ပြီးစစ်ကြောင်းထိုးကတည်းက တိုက်ပွဲတွေဖြစ်ကြတာ ၅ ရက် ဆက်တိုက်ပါပဲ။ အဲဒီတိုက်ပွဲတွေထဲမှာ အထိနာပြီးတော့ တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ ပြည်သူတွေကို သတ်ဖြတ်တာတွေ၊ ရွာတွေကို မီးတင်ရှို့တာတွေကို ရူးရူးမူးမူး လုပ်သွားကြတာလို့ ယူဆရပါတယ်” လို့ DVB ကို ပြောပါတယ်။

တိုက်ပွဲတွေအတွင်း အထိနာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဇွန် ၁၈ ရက်အထိ ကင်းကျေးရွာမှာရှိတဲ့ ထိုင်ဝမ်ဘုန်းကြီးကျောင်းမှာ အထိုင်ချတပ်စွဲနေကြပြီး ပတ်ဝန်းကျင်မှာလည်း ကင်းသမားတွေ ဖြန့်ကြက်ထားတဲ့အတွက် စစ်ရေးအခြေအနေ ဆက်လက် တင်းမာနေတယ်လို့လည်း ဆိုပြောပါတယ်။

အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဟာ စစ်ကိုင်းမြို့နယ်အတွင်းက သလွန်ဖြူကျေးရွာကိုလည်း စစ်ကြောင်း နောက်တကြောင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက် အထိုင်ချနေကာ ဇွန် ၁၇ ရက်မှာတော့ ပတ်ဝန်းကျင်ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

လေကြောင်းတိုက်ခိုက်
စစ်တပ်
မြင်းခြံ
မင်းကွန်း
အရပ်သားသေဆုံး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013