Home
မြန်မာသတင်း
စစ်ကောင်စီက အဓမ္မခိုင်းစေမှုများ ဆက်လက်ကျူးလွန်နေဟု အလုပ်သမားအရေးလှုပ်ရှားသူများ ပြော
DVB
·
June 19, 2025

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က မြန်မာနိုင်ငံအပေါ် အရေးယူဖို့ ဆုံးဖြတ်ချက် ထွက်ထားပေမဲ့လည်း စစ်ကောင်စီရော ပြည်တွင်းက လုပ်ငန်းခွင်တချို့ပါ အဓမ္မခိုင်းစေတဲ့ လုပ်ရပ်တွေ ဆက်ကျူးလွန်နေတယ်လို့ ပြည်တွင်းအလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ အသက်မပြည့်သေးသူတွေ အပါအဝင် လူငယ်တွေကို စစ်မှုထမ်းဖို့ အဓမ္မစေခိုင်းတာ၊ ပြည်သူတချို့ကို ပေါ်တာဆွဲပြီး လူသားဒိုင်းအသုံးချဖို့ ခေါ်ဆောင်တာမျိုး အဓမ္မခိုင်းစေမှု ကျူးလွန်တဲ့ဖြစ်ရပ်တွေ ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်ရုံတချို့မှာ အလုပ်သမားရဲ့ ဆန္ဒမပါဘဲ အချိန်ပို အဆမတန်ခေါ်ယူတာ၊ လုပ်အားခ ချိုးနှိမ်ပြီး အဓမ္မစေခိုင်းတာ၊ အလုပ်သမားသမဂ္ဂဝင်တွေကို ပစ်မှတ်ထား အလုပ်ထုတ်တာ စတဲ့ လုပ်ဆောင်ချက်တွေ ဆက်ရှိနေတာလို့ ပြည်တွင်းအခြေစိုက် အလုပ်သမားအဖွဲ့ ခေါင်းဆောင်တယောက်က ပြောပါတယ်။

“ILO ရဲ့ တွေ့ရှိချက်မှတ်တမ်းမှာ ပါတဲ့ စက်ရုံတွေက ကျူးလွန်မှုတွေ ဆက်ရှိ၊ မရှိကိုတော့ မပြောတတ်ဘူး။ တချို့သော စက်ရုံတွေကနေ ကျူးလွန် ချိုးဖောက်တဲ့ လုပ်ရပ်တွေ တွေ့နေတုန်းပဲ။ လုပ်ငန်းရှင်အဖွဲ့ချုပ်အနေနဲ့ အောက်ခြေက စက်ရုံတွေရဲ့ လုပ်ရပ်ကို ထိန်းကျောင်းဖို့ လိုမယ်။”

လက်ရှိမှာ လုပ်ခတိုးပေးဖို့ တောင်းဆိုနေတဲ့ စက်ရုံတချို့က အလုပ်သမားသမဂ္ဂဝင်တွေကို အလုပ်ထုတ်တာ၊ အဲဒီအလုပ်သမားတွေရဲ့ အိမ်အထိ အုပ်ချုပ်ရေးအဖွဲ့တွေက စောင့်ကြည့် ဖိအားပေးတာမျိုး ရှိနေကာ ILO ပြဋ္ဌာန်းချက်ဖြစ်တဲ့ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် ချိုးဖောက်တဲ့ လုပ်ရပ်တွေ ဆက်တွေ့နေရတယ်လို့လည်း အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တချို့က ဆိုပါတယ်။

တောင်ဒဂုံစက်မှုဇုန်မှ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တယောက်က “ETEC စက်ရုံက လုပ်ခတိုးပေးဖို့ ဦးဆောင်တောင်းဆိုတဲ့ ခေါင်းဆောင်တယောက် ဖမ်းဆီးခံရတယ်။ အဲဒါဆိုရင်လည်း ILO ဆုံးဖြတ်ချက် ထွက်ပြီးမှ ဖြစ်တဲ့ကိစ္စ။ တခြား အလုပ်သမားခေါင်းဆောင်တွေလည်း ဖိအားပေးခံရတာတွေ ရှိနေတယ်။ ILO ရဲ့ ဆုံးဖြတ်ချက်အပေါ် လေးစားလိုက်နာမှုမရှိတဲ့ သဘောလို့ မြင်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဇွန် ၁၃ ရက်က ရွှေပြည်သာမြို့နယ်မှ Runyang(Myanmar) အထည်ချုပ်စက်ရုံမှ လုပ်ခတိုးပေးဖို့ ဦးဆောင်တောင်းဆိုတဲ့ အလုပ်သမားခေါင်းဆောင်တချို့ကို စက်ရုံက ရဲခေါ်ပြီး ဖိအားပေး၊ ခြိမ်းခြောက်ခဲ့တယ်လို့ အလုပ်သမားအဖွဲ့တွေဆီက သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နဲ့ အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်တယ်ဆိုပြီး ဇွန် ၅ ရက်ကပြုလုပ်တဲ့ ILO ညီလာခံကနေ ပုဒ်မ ၃၃အရ အရေးယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ ပြဋ္ဌာန်းချက် ၂ ခုကို ချိုးဖောက်နေတယ် ဆိုတာကို ILO ရဲ့ အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်က တွေ့ရှိခဲ့တာဖြစ်ပြီး လိုက်နာပြင်ဆင်ဖို့ စစ်ကောင်စီကို တနှစ်နီးပါးအကြာ အချိန်ပေးခဲ့ပေမဲ့ လိုက်နာဆောင်ရွက်တာ မရှိဘူးဆိုကာ နောက်ဆုံးအဆင့် အရေးယူဖို့ ဆုံးဖြတ်လိုက်တာလို့ ILO ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

ILO
စစ်ကောင်စီ
အလုပ်သမားအရေး
အဓမ္မခိုင်းစေမှု

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013