Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ လှုပ်ရှားမှုသပိတ်များကို စောင့်ကြည့်ရန် စစ်ကောင်စီ ညွှန်ကြား
DVB
·
June 19, 2025

လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်နှစ် မွေးနေ့ အထိမ်းအမှတ်အနေနဲ့ လူထုလှုပ်ရှားမှုတွေ ပြုလုပ်လာမှာကို စောင့်ကြည့်ကာ ဖမ်းဆီးစစ်ဆေးဖို့ စစ်ကောင်စီဩဇာခံ တိုင်းအစိုးရတွေက သက်ဆိုင်ရာ တိုင်းဒေသကြီးတွေကို ညွှန်ကြားထားကြောင်း စစ်ကောင်စီနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

အခုညွှန်ကြားချက်က ရန်ကုန်တိုင်းတခုတည်းအတွက် မဟုတ်ဘဲ နိုင်ငံတဝန်းလုံးက ပန်းသပိတ် လှုပ်ရှားမှုတွေနဲ့ အပြာရောင်ရှပ်အင်္ကျီ ကမ်ပိန်းတွေကို စောင့်ကြည့်ဖို့ ပန်းပန်တာနဲ့ အပြာရောင် ဝတ်ဆင်ထားတာတွေ မှန်သမျှကို ဖမ်းဆီးစစ်ဆေးဖို့ အမိန့်ပေးထားကြောင်း စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့မှာ ပြည်သူတွေ ပါဝင်လာတဲ့ပုံစံမျိုး ဖြစ်မှာစိုးတဲ့အတွက် သူတို့ လုံခြုံရေးဆိုင်ရာ အစည်းအဝေးတွေ လုပ်ကြတယ်။ တိုင်းအစိုးရရုံးတွေမှာ နယ်လုံဝန်ကြီးနဲ့ တိုင်းအစိုးရ ဝန်ကြီးတွေပါ ပါပြီးတော့ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ၊ တိုင်းရဲတပ်ဖွဲ့ဝင်တွေ၊ မြို့နယ်စရဖရယ် ပြီးတော့ မြို့နယ်ထွေအုပ်တွေပါ အကုန်ပါတယ်။ အဲဒါ မွေးနေ့မှာ ပါဝင်ဆင်နွှဲကြတဲ့သူတွေကို တင်းတင်းကျပ်ကျပ် စောင့်ကြည့် ဖမ်းဆီးဖို့ပေါ့၊ အစည်းအဝေးမှာ ပြောတယ်။”

ဆက်လက်ပြီး သူက “ဒီညွှန်ကြားချက်က ရန်ကုန်တိုင်းတတိုင်းပဲ မဟုတ်ဘူး၊ တနိုင်ငံလုံး တိုင်းနဲ့ပြည်နယ် အကုန်လုံးကို ညွှန်ကြားထားပါတယ်ဆိုတဲ့ စကားလည်း ပါတယ်။ မွေးနေ့မှာ လုံးဝ ပြည်သူတွေ မပါဝင်ပါဘူး ဆိုတာကို သူတို့က စီစဉ်ထားတာ။ နောက်တခုက မနက်ဖြန်မှာ စရဖတွေ ပျူစောထီးတွေ ရဲတွေက အရပ်ဝတ်တွေနဲ့ စောင့်ကြည့်တာတွေလည်း လုပ်သွားမယ်လို့ ပြောတယ်။ အထူးကားတွေနဲ့လည်း လှည့်လည် စောင့်ကြည့်တာတွေ သူတို့လုပ်သွားဖို့ရှိတယ်” လို့ ပြောပါတယ်။

တဖက်မှာတော့ မွေးနေ့အမှတ်တရအနေနဲ့ ပန်းသပိတ်တွေ၊ Blue Shirt Campaign တွေ ပါဝင်ဆင်နွှဲကြဖို့ တော်လှန်ရေးအဖွဲ့တွေက တိုက်တွန်းနှိုးဆော်နေတာလည်း ရှိပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုးကြတဲ့ ပြည်သူတွေအားလုံး ပါဝင်နိုင်ပေမဲ့ ပြည်တွင်းမှာရှိနေကြတဲ့ လူတွေက ပါဝင်ဖို့ ခက်ခဲမယ်ဆိုရင်တောင် လွတ်မြောက်နယ်မြေတွေနဲ့ ပြည်ပတွေမှာ ရောက်ရှိကြသူတွေက ပါဝင်ဖို့ကိုလည်း CDM ဗိုလ်ကြီးလင်းထက်အောင်က တိုက်တွန်းပါတယ်။

“ဒီကမ်ပိန်းတွေမှာလည်း မြန်မာပြည်တွင်းကသူတွေ အနေနဲ့ ပါဝင်ဖို့ လုပ်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ သို့ပေမဲ့ လွတ်မြောက်နယ်မြေတို့ တခြား နိုင်ငံပြင်ပတွေမှာ ရောက်နေတဲ့သူတွေ အတွက်တော့ တခဲနက်ပါဝင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ အမေစုသည် ကျနော်တို့အတွက် နိုင်ငံအတွက် တကယ်ကို စွန့်လွှတ်စွန့်စားမှုအပြည့်နဲ့ လူထုရဲ့ ထောက်ခံမှုကို ယနေ့အချိန်ထိ ရရှိထားတဲ့ ခေါင်းဆောင်ဆိုတာ ငြင်းဖွယ်ရာမရှိပါဘူး။ ဒါ့ကြောင့် အားလုံး ယုံကြည်ရာကို ပါဝင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။”

မွေးနေ့မတိုင်ခင် တရက် ဇွန် ၁၈ ရက်မှာတော့ ရန်ကုန်မြို့က ရွှေတိဂုံဘုရားဖူးလာကြတဲ့လူတွေကို ခေါ်ယူစစ်ဆေးတာတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်းလည်း မြို့ခံတွေဆီက သိရပါတယ်။

ဒီကနေ့မှာပဲ လူထုခေါင်းဆောင်ရဲ့ မွေးနေ့ဆုတောင်း ဗီဒီယိုကမ်ပိန်းကလည်း ၈၀,၀၀၀ ပြည့်မီသွားကြောင်း ကမ်ပိန်းဖြစ်မြောက်ရေးဘက်က ထုတ်ပြန်လာပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၁၉ ရက်မှာ အသက် ၈၀ ပြည့်မှာဖြစ်ပြီး စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းမှု ခံထားရတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ မတရားထောင်ဒဏ်တွေ ချမှတ်ခံထားရပြီး စုစုပေါင်း အမှု ၁၉ မှုထဲက အမှု ၅ မှုကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့အတွက် ‌ကျန်တဲ့ ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံရဆဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့
စစ်ကောင်စီ
လှုပ်ရှားမှုသပိတ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013