Home
မြန်မာသတင်း
မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ရိုက်နှက် တိုက်ပိတ်ခံထားရ
DVB
·
June 18, 2025

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ထင်ရှားတဲ့ မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ဟာ အိုးဘိုအကျဉ်းထောင် ပြောင်းခံရပြီးနောက် တိုက်ပိတ်ခံထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဆီက သိရပါတယ်။

ကိုဝေမိုးနိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ဝန်းကျင်ကို စစ်ကောင်စီက ဇွန် ၁၂ ရက် မနက်အစောပိုင်းမှာ အိုးဘိုအကျဉ်းထောင်ဆီ ပြောင်းရွှေ့လိုက်ပြီးနောက် အကျဉ်းထောင် ဝန်ထမ်းတွေက ရိုက်နှက်ပြီး ကိုဝေမိုးနိုင်ကိုလည်း တိုက်ပိတ်ထားတယ်လို့ သိရပါတယ်။

PPNM က ကိုသိုက်ထွန်းဦးက “ကျနော်တို့ နောက်ဆုံးသိရတာကတော့ ကိုဝေမိုးနိုင်ကို တိုက်ထဲကို ပို့ထားတယ်လို့ သိထားရတယ်။ ကျန်တာတွေကိုတော့ အဆောင်တွေမှာ ခွဲထားတယ်လို့ သိထားရတယ်ဗျ။ ရောက်ကတည်းက တိုက်ဘက်ပို့တယ်လို့ပဲ သိရပါတယ်။ အသေးစိတ် အခြေအနေတော့ မသိရသေးဘူးခင်ဗျ” လို့ DVB ကို ပြောပါတယ်။

အိုးဘိုထောင် ပြောင်းခံရတဲ့ အကျဉ်းသားတွေထဲ အမျိုးသား အယောက် ၁၅၀ ဝန်းကျင် ပါဝင်ပြီး အိုးဘိုထောင်ဘူးဝ အဝင်မှာ အကျဉ်းဦးစီးဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရာဘာတုတ်၊ သစ်သားတုတ်တွေနဲ့ ဝိုင်းရိုက်ခဲ့ကြလို့ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး အယောက် ၅၀ ဦးခေါင်း၊ လက်နဲ့ နောက်ကျောတွေမှာ ထိရှနဲ့ ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့တယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။

“သူ့တယောက်တည်းရဲ့ ထိခိုက်ဒဏ်ရာရှိမှု အခြေအနေတော့ ကျနော်တို့ မသိဘူး။ ကျနော်တို့ ထုတ်ပြန်တဲ့အတိုင်း နိုင်ငံရေးအကျဉ်းသား ၅၀ လောက်က ဦးခေါင်းပေါက်ပြဲ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာတော့ ရှိတယ်။ သူတို့ရဲ့ ရပ်တည်မှု ထောင်တွင်းလှုပ်ရှားမှု အခြေအနေအပေါ် မူတည်ပြီးတော့ တိုက်ထဲထားတဲ့သူနဲ့ အဆောင်မှာပို့ထားတဲ့သူလို့ ခွဲပြီး ပို့ထားတယ်လို့ သိရပါတယ်” လို့ ကိုသိုက်ထွန်းဦးက ဆက်ပြောပါတယ်။

မုံရွာအကျဉ်းထောင်ကနေ အကျဉ်းသား ၂၀၀ ကျော်ကို သံခြေချင်းတွေနဲ့ ထောင်ပြောင်းခဲ့တာ ဖြစ်ပြီး ကိုဝေမိုးနိုင် တိုက်ပိတ်ခံထားရတဲ့ အကြောင်းကိုလည်း နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးနေသူတွေက DVB ကို အတည်ပြု ပြောပါတယ်။

ကိုဝေမိုးနိုင်ကို ၂၀၂၄ ခုနှစ် မေ ၁၀ ရက်မှာ မုံရွာအကျဉ်းထောင်တွင်း တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ထပ်ပြီးချလို့ စုစုပေါင်းကျခံရမယ့် ထောင်ဒဏ် ၇၄ နှစ် ရှိနေတာပါ။

၂၀၂၁ မတ်လက မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်မှာ ရဲ ၂ ယောက် အသတ်ခံရတဲ့ကိစ္စနဲ့ ကိုဝေမိုးနိုင်ကို အနှစ် ၂၀ ထပ်တိုးချလိုက်တာလည်း ဖြစ်ပါတယ်။

ဖမ်းခံရစဉ်က ကိုဝေမိုးနိုင်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) အမှု ၆ မှု၊ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ ၁၂၂ တွေအပြင် တခြားအမှုတွေနဲ့ပေါင်းပြီး ထောင် ၅၄ နှစ် ချထားတာဖြစ်ပါတယ်။

ကိုဝေမိုးနိုင်ဟာ ၂၀၂၁ ခုနှစ် ဧပြီ ၁၅ ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ဦးဆောင်ပြီး ဆိုင်ကယ်နဲ့ လှည့်လည်ဆန္ဒပြနေချိန် စစ်ကောင်စီက ကားနဲ့တိုက်ပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ကိုဝေမိုးနိုင်ဟာ မုံရွာတက္ကသိုလ် ကျောင်းသားသမဂ္ဂကို စတင်တည်ထောင်ပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၉,၂၈၇ ယောက်ရှိပြီး အဲဒီအထဲက ၂၂,၁၃၄ ယောက်ဟာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူတွေထဲက ၁၀,၈၄၉ ယောက်ဟာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇွန် ၁၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အိုးဘိုအကျဉ်းထောင်
ကိုဝေမိုးနိုင်
တိုက်ပိတ်
မုံရွာလူထုသပိတ်ခေါင်းဆောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013