Home
မြန်မာသတင်း
နယ်မြေအငြင်းပွားနေသည့် SSPP နှင့် MNDAA ဆွေးနွေး
DVB
·
June 18, 2025

ရှမ်းမြောက်မှာ နယ်မြေအငြင်းပွားနေတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ ကိုးကန့်တပ် (MNDAA) တို့ ဒီနေ့ ဇွန် ၁၇ ရက် မနက်ကစပြီး ထပ်မံဆွေးနွေးနေကြတယ်လို့ SSPP စစ်ရေးသတင်းအရင်းအမြစ်ဆီက သိရပါတယ်။

SSPP နဲ့ MNDAA တို့ဟာ လားရှိုးမြို့နယ် နမ့်ပေါင်အနီးက သံလွင်တရုတ်ရွာမှာ ဆွေးနွေးနေတာဖြစ်ပြီး SSPP ဘက်က အခွန်ဌာနက ဌာနမှူး ဒုတိယစစ်ဦးစီးချုပ်လည်းဖြစ်သူ ကိုယ်တိုင်တက်ရောက်ပြီး MNDAA ဘက်ကလည်း စစ်ဦးစီးချုပ်တွေ၊ နယ်မြေမှူးတွေ တက်တယ်လို့ သိရပါတယ်။

SSPP စစ်ရေးသတင်းအရင်းအမြစ်က “နှစ်ဖက်လုံးက ဖုန်းတွေနဲ့ အရင်ဆုံးစကားပြောဖြစ်ကြတယ်။ အဲဒါနဲ့ MNDAA က အစည်းအဝေးကို SSPP ဌာနချုပ် ဝမ်ဟိုင်းမှာလုပ်ဖို့ ပြောတာပေါ့။ ဒါပေမဲ့ SSPP ဘက်က လက်မခံလို့ ဒီသံလွင်တရုတ်ရွာမှာ ဆွေးနွေးပွဲဖြစ်တာ။ အခုညနေအထိတော့ အဖြေမထွက်သေးဘူး။ ဆွေးနွေးနေတုန်း” လို့ DVB ကို ပြောပါတယ်။

အဲဒီအစည်းအဝေးကို SSPP ဘက်က ကားအစည်းရေ ၅၀ လောက်နဲ့လာရောက်ကြပြီး MNDAA ဘက်ကလည်း အများအပြားလာရောက်ကြတယ်လို့ MNDAA သတင်းအရင်းအမြစ်က DVB ကို အတည်ပြုပါတယ်။

“ဘာတွေဆွေးနွေးတယ်ဆိုတာကိုတော့ ပြောပြလို့မရသေးဘူး။ အဓိကတော့ နယ်မြေပိုင်းခြားရေးကိစ္စတွေကိုပဲ ဦးတည်ဆွေးနွေးဖြစ်တာ။ အခုထိတော့ မပြီးသေးဘူး။” 

ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက် ညနေပိုင်းက MNDAA ကိုးကန့်တပ်တွေဟာ သီပေါမြို့နယ် နမ့်မကျေးရွာကို ဝင်ရောက်လာတာကနေ SSPP တပ်တွေနဲ့ စကားအချေအတင် ဖြစ်ကြပြီးနောက် ဧပြီ ၂၉ မနက်ပိုင်းမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

နယ်မြေအငြင်းပွားမှုတွေကြောင့် ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ SSPP နဲ့ MNDAA တပ်တွေဟာ  ပထမအကြိမ်တွေ့ဆုံဆွေးနွေးမှုကို UWSA ဌာနချုပ် ပန်ဆိုင်းမှာ လုပ်ခဲ့ကြပေမဲ့ အဆင်မပြေခဲ့ကြဘူးလို့ သိရပါတယ်။

mndaa
SSPP
နယ်မြေအငြင်းပွား

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013