Home
သတင်းဓာတ်ပုံ
ညောင်ရွှေတွင် ရေကြီးပြီး အိမ်ထောင်စု ၁၀၀ ကျော် ရေဘေးရှောင်
DVB
·
June 15, 2025

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ထဲက မြို့ပေါ်ရပ်ကွက် ၂ ခုမှာ ‌ရေကြီးနေပြီး အိမ်ထောင်စု ၁၀၀ ကျော်၊ ခန့်မှန်းလူဦးရေ ၄၀၀ လောက် ရေဘေးရှောင်နေရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ညောင်ရွှေမြို့မှာ မြို့ပေါ်ရပ်ကွက် ၈ ခုရှိတဲ့အနက် မြို့အဝင်ချောင်းနဲ့နီးတဲ့ သာစည်ရပ်ကွက်နဲ့ ကန်သာရပ်ကွက်က လူနေအိမ်ထဲမှာ ရေ ၂ ပေကျော်လောက်အထိဝင်နေသလို အင်းလေးအဝင်ချောင်းထဲမှာလည်း ကမ်းစပ်ကနေ ၅ ပေလောက်အထိ ရေတက်နေတာ ဖြစ်ပါတယ်။

သာစည်နဲ့ ကန်သာရပ်ကွက်တို့က တထပ်အိမ်နဲ့နေထိုင်ကြတဲ့ အခြေခံလူတန်စားတွေက အိမ်ထဲနေထိုင်လို့မရတော့တာကြောင့် ကိုယ်ထူကိုယ်ထရွှေ့ပြောင်းနေရသလို ကူညီရေးအဖွဲ့တွေ အကူအညီနဲ့ ပြောင်းရွှေ့နေကြတာလည်းရှိပါတယ်။

ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ကမ်းစပ်ကနေဆိုရင် ၅ ပေကျော်လောက် တက်သွားတယ်။ မြို့ထဲမှာ ၂ ပေကျော်လောက်ဝင်နေပြီ။ မြို့ရဲ့ ၃ ပုံ ၁ ပုံလောက်က ရေဝင်နေပြီ။ အခု မိုးမရွာဘူး။ နေပူနေတာက ‌နည်းနည်းတော့အဆင်ပြေတယ်။ မိုးထပ်ရွာရင် မလွယ်ဘူး။ ကန်သာကတော့ တရပ်ကွက်လုံးနီးနီးတော့ ‌မြုပ်သွားပြီ။ အိမ်ထောင်စု ၁၀၀ ကျော်က ပြောင်းနေပြီ။ ကျန်တဲ့သူတွေက ရေ ဒီထက်တက်လာမှ ပြောင်းဖို့ အခြေအနေကြည့်နေကြပါတယ်”လို့ ပြောပါတယ်။

ရေဘေးရှောင်သူတွေဟာ မြို့အရှေ့မြောက် ရေလွတ်ရာဘုန်းကြီးကျောင်းနဲ့ ဘုရားဝန်းတွေထဲ လတ်တလောနေနေကြရပြီး ၂ ထပ်အိမ်မှာနေထိုင်သူတွေကတော့ အပေါ်ထပ်တွေမှာ နေနေကြသလို ရေထပ်တက်လာမှ ရွှေ့ပြောင်းဖို့ ပြင်ဆင်နေကြပါတယ်။

ရေဘေးရှောင် အိမ်ထောင်စုတွေထဲမှာ ကျောင်းနေအရွယ်ကလေးတွေလည်းပါပြီး ရေကြီးနေတာကြောင့် ကျောင်းနားထားရသလို နောက် ၃ ရက်လောက်အထိ ရေပြန်မကျရင်တော့ ရာနဲ့ချီတဲ့လူဦးရေအတွက် ‌စားသောက်ရေးပါ လိုအပ်လာမယ်လို့ သိရပါတယ်။

၂ ရက်ဆက်တိုက် မိုးမရွာပေမဲ့ ညောင်ရွှေမြို့ပတ်လည်မှာရှိနေတဲ့ ကန်ကြီး ၉ ကန်ကနေလည်း ရေလျှံပြီး မြို့အဝင်ချောင်းထဲကို ရေစီးဆင်းနေတာကြောင့် နောက် ၃ ရက်အတွင်း ရေထပ်တက်မယ်လို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ခန့်မှန်းထားကြပါတယ်။

စီးဆင်းသွားတဲ့ရေတွေကြောင့် အင်းလေးကန်ထဲမှာ ရေမျက်နှာပြင်တက်နေပြီး ကျန်နေသေးတဲ့ မိုးရာသီ ၃ လမှာ ၂၀၂၄ ရေကြီးတာထက် ပိုလာမှာကို စိုးရိမ်နေကြပါတယ်။

ရေကြီး
ညောင်ရွှေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013