Home
မြန်မာသတင်း
VOA အမှု ဒုတိယအကြိမ် ကြားနာမည်
DVB
·
June 13, 2025

တရားရုံးဆုံးဖြတ်ချက်ကို ထရမ့်ပ်အစိုးရက မလိုက်နာနိုင်တဲ့ အကြောင်းရင်းကို ဝါရှင်တန်ဒီစီ ခရိုင်တရားရုံးက ဖြေရှင်းချက်တောင်းထားပြီး ဒုတိယအကြိမ် နှစ်ဘက်ကြားနာမှု ပြုလုပ်ဖို့ အစီအစဉ် ရှိနေပါတယ်။

ထရမ့်ပ် အစိုးရက VOA သတင်းဌာနကို ရပ်ဆိုင်းပြီး ဝန်ထမ်းတွေကို လစာနဲ့ ခွင့်ပေးထားတဲ့ လုပ်ရပ်ကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီခရိုင်တရားရုံးက ပထမအကြိမ် နှစ်ဘက်ကြားနာမှု ပြုလုပ်ပြီးနောက် ဧပြီ ၂၂ ရက်မှာ ပယ်ဖျက်ကြောင်း အမိန့်ထုတ်ခဲ့တာပါ။

ဒီဆုံးဖြတ်ချက်ကို မလိုက်နာနိုင်တဲ့အတွက် ထရမ့်ပ်အစိုးရရှေ့နေတွေက ဒီစီအယူခံတရားရုံးကို ဝင်ခဲ့ပြီး အယူခံတရားရုံးက ဝန်ထမ်းတွေကို ခန့်ထားရေး၊ ဖယ်ရှားရေးတို့မှာ ဝင်မစွက်ဖက်ဘဲ ခရိုင်တရားရုံးကို ပြန်လွှဲထားပြီး အသံလွှင့်လုပ်ငန်းတွေကိုတော့ ပြန်လည်ပတ်ရမယ်လို့ မှတ်ချက်ပေးခဲ့တာပါ။

ဒီစီခရိုင်တရားရုံးက ထရမ့်ပ်အစိုးရက တရားရုံးဆုံးဖြတ်ချက်ကို မလိုက်နာချင်တဲ့ အကြောင်းရင်းကို ဖြေရှင်းချက်တောင်းထားပြီး ဒုတိယအကြိမ် နှစ်ဘက်ကြားနာမှု ပြုလုပ်ဖို့ အစီအစဉ် ရှိနေတယ်လို့ သိရပါတယ်။

VOA မြန်မာပိုင်း အစီအစဉ်တင်ဆက်သူ ဒေါ်အင်ကြင်းနိုင်က “ဒီစီခရိုင်တရားရုံးနဲ့ အယူခံတရားရုံးက အခုနောက်ဆုံးဖြစ်နေတာတွေကတော့ ဒီစီခရိုင် တရားသူကြီး လန်းဘတ်ကို ဝန်ထမ်းတွေကိစ္စ ဖြုတ်တာ ထုတ်တာကို ငါတို့ ဘာမှဝင်မစွက်ဖက်ဘူးဆိုပြီး အယူခံတရားရုံးက ပြန်ပြီးတော့ လုပ်ပိုင်ခွင့်ပေးထားတာမျိုး ရှိတယ်။ ဒါပေမဲ့ အသံလွှင့်လုပ်ငန်းတွေကို အရင်အတိုင်း ပြန်ပြီးတော့ လုပ်ရမယ်ဆိုတဲ့ဟာကို အယူခံတရားရုံးကို ထရမ့်ပ်တို့ကို ပြောထားပြီးတော့ ဒီစီတရားသူကြီး လန်းဘတ်မှာ အဲဒါ လုပ်ပိုင်ခွင့်ရှိနေတယ် ဆိုတာမျိုး သူတို့လုပ်လိုက်တော့ တရားသူကြီး လန်းဘတ်ကနေပြီးတော့ အခု အမတို့အမှုကို ကိုင်တွယ်နေတာပေ့ါနော် ဆက်ပြီးတော့။ ထရမ့်ပ်တို့ကို ဘာဖြစ်လို့ ဆုံးဖြတ်ချက်အတိုင်း မလုပ်နိုင်ရသလဲဆိုတဲ့ ဖြေရှင်းချက်ကို တောင်းထားတော့ သူတို့ဘက်ကတော့ ဖြေရှင်းထားတယ်။ ဒါပေမဲ့ တရားသူကြီး လန်းဘတ် ဦးဆောင်ပြီးတော့ နှစ်ဖက် အပြန်အလှန် ကြားနာပွဲပေ့ါ၊ အရင်တခေါက်က လုပ်ခဲ့သလိုမျိုး နောက်တပတ်လောက်ကို လုပ်ဖို့တော့ ဖြစ်လာနိုင်ခြေရှိတယ်လို့တော့ ပြောတယ်။ အဲဒါမျိုးဖြစ်သွားတယ်၊ အရင်တုန်းက အမတို့က အဲဒီအချက်ကို နားမလည်ဘူး ဖြစ်နေတာပေါ့နော်” လို့ ပြောပါတယ်။

VOA အသံလွှင့်လုပ်ငန်းတွေကို အမေရိကန်လွှတ်တော်မှာ ဥပဒေပြဋ္ဌာန်းပြီး ဒီမိုကရေစီဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ အထောက်အကူပြုဖို့ ရည်ရွယ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ထရမ့်ပ်အစိုးရ တက်လာပြီးနောက်မှာ အစိုးရအသုံးစရိတ် လျှော့ချရေး ခေါင်းစဉ်နဲ့ လွှတ်တော်မှာ ဥပဒေပြုပြီး ဖွဲ့စည်းဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းအများအပြားကို ပယ်ဖျက်တာ၊ ရပ်ဆိုင်းတာ၊ ဝန်ထမ်းလျှော့ချတာတွေ ပြုလုပ်ခဲ့တာပါ။

ထရမ့်ပ်အစိုးရအနေနဲ့ မလိုအပ်ဘူးလို့ ယူဆတဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းချင်တယ်ဆိုရင် လွှတ်တော်ကနေတဆင့် ဥပဒေနဲ့အညီ အတည်ပြုချက်အဆင့်ဆင့် ရယူဖို့ လိုအပ်နေပြီး အုပ်ချုပ်ရေးအာဏာကို အလွန်အကျွံ သုံးစွဲတာက ပြဿနာတွေကို ပိုကြီးထွားစေခဲ့တယ်လို့ လေ့လာသူတယောက်က မှတ်ချက်ပေးပါတယ်။

Learn and Share ဦးကိုကိုလေးက “အမေရိကန်နိုင်ငံက အာဏာရှင်စနစ်နဲ့ သွားမှာလား၊ ဒီမိုကရေစီဆိုတဲ့ Rule of Law နဲ့ သွားမှာလားဆိုတဲ့ မေးခွန်းကို ဖြေနေရတဲ့အချိန် ဖြစ်ပါတယ်။ အဲဒီတော့ ဒီ VOA၊ RFA သူတို့ကို ရပ်တန့်လိုက်တာကတော့ အများကြီးထဲက တခုဖြစ်ပါတယ်။ ဒါ ဒီမိုကရေစီရဲ့ စတုတ္ထမဏ္ဏိုင်တခုကို အားပျော့သွားစေတာ ဖြစ်ပါတယ်။ ဟိုဖြတ် ဒီဖြတ်တွေ အစိုးရအသုံးစရိတ် လျှော့ချမှုတွေပေါ့ဗျာ။ ဒီလိုမျိုး အုပ်ချုပ်ရေးအာဏာကို အလွန်အကျွံ သုံးလာပြီဆိုရင် လုပ်နိုင်တာက တရားရုံးတွေကနေပြီးတော့ ဒီအမိန့်တွေကို တားမြစ်တာ ရပ်ဆိုင်းတာ ဥပဒေကြောင်းအရ လုပ်ခွင့်ရှိတယ်။ စွဲလိုက် စွဲလိုက်တဲ့အမှုတွေက ၁၃၀ ကျော်ပြီ။ စွဲလိုက်စွဲလိုက်တိုင်းကလည်း အုပ်ချုပ်ရေးဘက်က အရှုံးနဲ့ပဲ ရင်ဆိုင်ရတယ်။ ရှုံးလို့ မကျေနပ်ရင် အယူခံဝင်ခွင့်ရှိတယ်။ အဲဒီတော့ အယူခံတွေဝင်နေတော့ တိုင်းပြည်အတွက် လုံခြုံရေးတို့ စီးပွားရေးတို့ တိုးတက်မှုတို့ အမှုပေါင်းများစွာပေါ့ဗျာ။ ဒါတွေမလုပ်နိုင်ဘဲ တရားရုံးမှာတင် အချိန်သွားကုန်နေတာပေါ့ဗျာ” လို့ ပြောပါတယ်။

သမ္မတထရမ့်ပ်ရဲ့အမိန့်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း VOA ဘက်က တရားပြန်စွဲထားတဲ့အမှု ၂ ခုရှိခဲ့ပြီး တခုက ဂျာနယ်လစ်တွေက လုပ်ငန်း ပုံမှန်ပြန်လည်ပတ်နိုင်ရေး တောင်းဆိုချက်နဲ့ စွဲထားတဲ့အမှု ဖြစ်ပါတယ်။

နောက်တခုက VOA ဒါရိုက်တာက သမ္မတထရမ့်ပ်ရဲ့အမိန့်ဟာ လွှတ်တော်မှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို ကျော်လွန်နေတာကြောင့် တရားမဝင်ကြောင်း စွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။

အောက်ခြေတရားရုံးတွေဟာ သမ္မတအာဏာကို တုပပြီး အမှုတွေကို ကိုင်တွယ်နေရတာ ဖြစ်တဲ့အတွက် အမှုအသွားအလာနဲ့ ဆုံးဖြတ်ချက်ချရာမှာ မျှော်လင့်ထားသလောက် ပြတ်သားမှုမရှိနိုင်ဘဲ ဖိအားတွေအောက်ကို ရောက်နေတဲ့ အခြေအနေ ဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

သုတချမ်းသာ

သတင်းမီဒီယာ
ထရမ့်ပ်
VOA

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013