Home
မြန်မာသတင်း
ရွှေနှင့် ဒေါ်လာဈေး ဆက်လက်မြင့်တက်
DVB
·
June 12, 2025

ကမ္ဘာရွှေ ဈေးမြင့်တက်မှုကြောင့် ပြည်တွင်း အကယ်ဒမီအခေါက်ရွှေဈေးလည်း တကျပ်သားကို ၇၉ သိန်းနီးပါးအထိ မြင့်တက်လာပြီး သီတင်းတပတ်အတွင်း ရွှေတကျပ်သားကို တသိန်းကျော် တက်လာခဲ့တယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

ပြည်တွင်းရွှေဈေး အတက်အကျက ကမ္ဘာ့ရွှေဈေး အတက်အကျနဲ့ ဆက်စပ်နေတာကြောင့် ဒီကနေ့ ကမ္ဘာ့ရွှေ တအောင်စ ကို အမေရိကန်ဒေါ်လာ ၃၃၄၀ အထက်အထိ အတက်မှာ ပြည်တွင်း ရွှေဈေးလည်း ကျပ် ၇,၈၈၀,၀၀၀ အထိ မြင့်တက်ရောက်ရှိလာပါတယ်။

ကမ္ဘာရွှေဈေးက ဒီကနေ့မှာ တအောင်စကို အမေရိကန် ဒေါ်လာ ၃၃၀၀ အထက်နဲ့ ဈေးဖွင့်ခဲ့တာပါ။ မွန်းလွဲပိုင်းမှာ အမေရိကန် ဒေါ်လာ ၃၃၄၀ အထက်အထိ ဈေးအတက်ရှိခဲ့ပြီး ညနေပိုင်းမှာတော့ ၃၃၃၀ အထိ ဈေးပြန်ကျနေတာ တွေ့ရပါတယ်။

ပြည်တွင်းရွှေဈေးကလည်း မနေ့ (ဇွန် ၁၀ ရက်) က ၇,၈၅၀,၀၀၀ ကျပ်နဲ့ ဈေးပိတ်ခဲ့ပြီး ဒီကနေ့ မွန်းလွဲပိုင်းမှာ ၇,၈၈၀,၀၀၀ အထိ မြင့်တက်ရောက်ရှိလာပါတယ်။

ရွှေဈေးကွက် စောင့်ကြည့်သူတယောက်က “ခုက ကမ္ဘာ့ရွှေဈေးတက်လို့ ပြည်တွင်းရွှေ လိုက်တက်တာပါ။ ကမ္ဘာရွှေဈေးက အတက်များပြီး အကျနည်းပါတယ်။ စောင့်ကြည့်ရမှာပါ” လို့ ပြောပါတယ်။

ပြည်တွင်း အခေါက်ရွှေ တကျပ်သားဈေးဟာ ဇွန် ၄ ရက်က ၇၇၅,၅၀၀၀ ကျပ် ဝန်းကျင်ရှိခဲ့ပြီး တပတ်အတွင်း ကျပ် ၁ သိန်းကျော် ဈေးမြင့်တက်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် အခုလိုအချိန်မှာတော့ ရွှေဈေးဟာ ကျပ် ၅၄ သိန်းဝန်းကျင်ရှိခဲ့ပြီး တနှစ်အတွင်းဆိုရင်တော့ ကျပ်သိန်း ၂၀ ကျော်ထိ မြင့်တက်လာတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်တွင်း နိုင်ငံခြားငွေဈေးကွက်မှာလည်း ပြီးခဲ့တဲ့ မေလပိုင်းက တဒေါ်လာ ကျပ် ၄၄၀၀ သာရှိခဲ့တဲ့ အမေရိကန်ဒေါ်လာဟာ လက်ရှိမှာ ၄၄၅၀ အထိ မြင့်တက်နေတာ တွေ့ရပါတယ်။

မြင့်တက်
ဒေါ်လာ
ရွှေ
အကယ်ဒမီ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013