Home
မြန်မာသတင်း
ချင်းပြည်နယ် တွန်းဇံမြို့အနီး ငလျင် ၂ ကြိမ် လှုပ်ခတ်
DVB
·
June 10, 2025

ချင်းပြည်နယ်၊ တွန်းဇံမြို့အနီးမှာ ပြင်းအား ရစ်ချ်တာစကေး ၄ ကျော်တဲ့ အင်အား အနည်းငယ်ရှိတဲ့ ငလျင် ၂ ကြိမ် မိနစ်အနည်းငယ်အကွာနဲ့ ဆက်တိုက်လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇွန် ၁၀ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁၁ နာရီ ၅၈ မိနစ်အချိန်လောက်မှာ တွန်းဇံမြို့အနီး၊ မော်လိုက်မြို့ရဲ့ အနောက်-အနောက်တောင်ဘက် ၃၁ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ ဒသမ ၁ အဆင့်နဲ့ အင်အားအနည်းငယ်ရှိတဲ့ ငလျင် တကြိမ်၊ မွန်းလွဲ ၁၂ နာရီ ၂၁ မိနစ်လောက်မှာတော့ မော်လိုက်မြို့အနောက်ဘက် ၃၇ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၆၀ ကီလိုမီတာကို ဗဟိုပြုကာ ရစ်ချ်တာစကေး ၄ ဒသမ ၃ အဆင့်နဲ့တကြိမ်  လှုပ်ခတ်ခဲ့တယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ဇွန်  ၁၉ နေ့လယ်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒီမနက် အစောပိုင်း ၃ နာရီ ၃၁ မိနစ်က ကျောက်ဆည်မြို့ရဲ့တောင်ဘက် ၃၅ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ ဒသမ ၉ အဆင့် အင်အားအတော်အသင့်ရှိတဲ့ ငလျင်တခုနဲ့ ဒီမနက် ၆ နာရီကျော်မှာလည်း မတ္တရာမြို့ရဲ့ အနောက်တောင်ဘက် ၈ မိုင်လောက်အကွာ အနက် ၁၂ ကီလိုမီတာကနေ အင်အား ၃ ဒသမ ၂ ရှိတဲ့ ငလျင်တခု လှုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

မြေငလျင်တိုင်းတာစက်တွေနဲ့ ဗဟိုချက်ရဲ့ အနီးအဝေးပေါ်မူတည်ပြီးတော့ ငလျင်အင်အားပမာဏ နည်းနည်းကွာခြားနိုင်တယ်လို့ဆိုပြီး ငလျင်ဘေးကြောင့် ထိခိုက်ဆုံးရှုံးတာတွေ လျော့နည်းစေဖို့ ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်တွေနဲ့အညီ နေထိုင်ကြဖို့လည်း အသိပေးထားပါတယ်။

ငလျင်
ချင်းပြည်နယ်
တွန်းဇံ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013