Home
မြန်မာသတင်း
ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ များပြား  
DVB
·
June 10, 2025

ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတို့မှာ ပြီးခဲ့တဲ့တပတ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ လူပေါင်း ၈၀ ကျော် ဆေးရုံတက် ကုသနေရတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ဇွန် ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ဇွန် ၁ ရက်ကနေ ဇွန် ၈ ရက် ညနေ ၆ နာရီအထိ စာရင်းတွေအရ ရန်ကုန်တိုင်းထဲမှာ ၇၆ ယောက်၊ ပဲခူးတိုင်းမှာ ၄ ယောက်နဲ့ ဧရာဝတီတိုင်းထဲမှာ တယောက် ဆေးရုံတက်နေရပြီး သာမန်ဖြစ်ပွားသူတွေလို့ ဆိုပါတယ်။

မေလနောက်ဆုံးပတ်ကနေ ဇွန် ၁ ရက်အထိ ရက်သတ္တပတ်မှာတော့ ရန်ကုန်နဲ့ ပဲခူးတိုင်းမှာ ဝမ်းရောဂါလူနာ ၇၇ ယောက်ရှိခဲ့လို့ အဲဒီထက်ပိုများလာတာကိုလည်း တွေ့ရပါတယ်။

ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့စာရင်းတွေအရတော့ ပြင်းထန်လူနာနဲ့ သေဆုံးသူ မရှိတာကို တွေ့ရပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ရောဂါပိုးတွေပါတဲ့ မသန့်ရှင်းတဲ့ရေနဲ့ အစားအသောက်တွေကို စားမိရာကနေ ကူးစက်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါအထိ ဖြစ်ပွားတတ်ပါတယ်။

ရောဂါဖြစ်ရင် အရည်ဝမ်းတွေသွားတာ၊ အော့အန်တာ၊ အားအင်ကုန်ခန်းတာ၊ ကြွက်တက်တာ သတိလစ်တာ စတာတို့ဖြစ်နိုင်ပြီး အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

အစားအစာတွေ ကျက်အောင် ချက်ပြုတ်ဖို့၊ ယင်မနားအောင် လုံလုံခြုံခြုံ ဖုံးအုပ်ဖို့၊  အစားအစာတွေ မကိုင်ခင်၊ မပြင်ဆင်ခင်၊ မစာခင်၊ အိမ်သာ သုံးပြီးတိုင်းနဲ့ အညစ်အကြေးတွေ ကိုင်တွယ်ပြီးချိန်တိုင်းမှာ ရေနဲ့ ဆပ်ပြာကို သုံးပြီး လက်ကို အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကြောဖို့ ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။

ပြီးတော့ ကျိုချက်ထားတဲ့ရေ ဒါမှမဟုတ် ရေသန့်စင်ဆေးပြား ခတ်ထားတဲ့ရေ ဒါမှမဟုတ် FDA အသိအမှတ်ပြု သောက်ရေသန့်ကိုပဲ သောက်ဖို့၊ အိမ်သာတွေကို ယင်လုံအောင်လုပ်ဖို့၊ စားကြွင်းစားကျန်တွေ၊  အမှိုက်သရိုက်တွေနဲ့ အညစ်အကြေးတွေကို စနစ်တကျ စွန့်ပစ်ဖို့၊ ရောဂါပြင်းထန်ရင် နီးစပ်ရာကျန်းမာရေးဌာနကို သွားရောက်ပြသဖို့နဲ့ ဓာတ်ဆားရည် သောက်ဖို့လည်း တိုက်တွန်းထုတ်ပြန်ထားပါတယ်။

ပဲခူး
ဧရာဝတီတိုင်း
ရန်ကုန်
ဝမ်းပျက်ဝမ်းလျှောရောဂါ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013