Home
မြန်မာသတင်း
ဗိုလ်တထောင် ကမ်းနားလမ်းတွင် စက်သုံးဆီဆိုင်ဝန်ထမ်း ၁ ဦး ရိုက်နှက် လုယက်ခံရ
DVB
·
June 10, 2025

ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်းမပေါ်မှာ ဇွန် ၉ ရက် မနက် ၁ နာရီက အလုပ်ကနေ အိမ်ပြန်လာတဲ့ DENKO ဆီဆိုင်ဝန်ထမ်းတယောက်ကို လူတစုက ရိုက်နှက်လုယက်ခဲ့တာကြောင့် ဆေးရုံတင်ထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဗိုလ်တထောင်ကနေ ကမ်းနားလမ်းအတိုင်း လမ်းလျှောက်လာတဲ့ ဆီဆိုင်ဝန်ထမ်းတယောက်ကို လူတစုက ရိုက်လုပြီး သတိမေ့မြောနေစဥ် အငှားယာဥ်မောင်းတယောက်က တွေ့လို့ လူနာတင်ယာဥ်နဲ့ ရဲစခန်းကို ဆက်သွယ်ကာ ဆေးရုံပို့ပေးခဲ့တယ်လို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။

“ဆီဆိုင်ကနေ ဆိုင်သိမ်းပြီးပြန်လာတဲ့ ကောင်လေးကို ရိုက်လုသွားမှာပေါ့။ မျက်ခုံးရော ခေါင်းရော ကွဲပြီး လဲကျနေတာ။ တက္ကစီသမား တွေ့ပြီး နီးစပ်ရာနဲ့ လူနာတင်ယာဥ် ရဲတွေပါ အကြောင်းကြားပြီး ရန်ကုန်ဆေးရုံကြီး ပို့လိုက်တယ်။ ရန်ကုန်မှာ စစ်တပ်က ပေါ်တာဆွဲလို့ ကြောက်ရတာ တမျိုး၊ လုယက်သူတွေရန်က တမျိုး။”

လုယက်ခံရသူမှာ DENKO ဆီဆိုင်မှ ဝန်ထမ်းတယောက်ဖြစ်ပြီး ကမ်းနားလမ်းအရောက် လူတစုက ရိုက်နှက်ပြီး ဖုန်းနဲ့ ပိုက်ဆံအိတ် လုယက်ခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

“ဖုန်းနဲ့ ပိုက်ဆံအိတ်ကို အုပ်စုနဲ့ ရိုက်လုသွားတာလို့ ကောင်လေးက ပြောတယ် ရဲတွေကို။ ကျောက်တံတား၊ ပန်းဘဲတန်း၊ ဗိုလ်တထောင်၊ လမ်းမတော်ဘက်မှာ ဖြစ်လိုက်တာ အုပ်စုလိုက် ရိုက်လုတာချည်းပဲ၊ ရဲတွေက ဖမ်းမိတာ နည်းတယ်။”

ဇွန် ၉ ရက် မနက် ၆ နာရီကလည်း လမ်းမတော်မြို့နယ်၊ ၇ လမ်း တိုက်ခန်းတခန်းမှာ အမျိုးသမီးတယောက်တည်း ရှိနေချိန် အမည်မသိ မျက်နှာဖုံးစွပ်လူတစုက ဓားပြတိုက်ခဲ့လို့ ဓားဒဏ်ရာရရှိပြီး ငွေကျပ် ၇ သိန်းနဲ့ ရွှေ ငွေ လက်ဝတ်ရတနာတွေ ပါသွားခဲ့ပါတယ်။

အလားတူ မေ ၁၉ ရက် မနက်ကလည်း ပန်းဘဲတန်းမြို့နယ် လမ်း ၃၀ မှတ်တိုင်မှာ YBS 58 ယာဥ်ပေါ်လိုက်ပါတဲ့ သားဖြစ်သူရဲ့ဖုန်းကို ခါးပိုက်နှိုက်နေလို့ ပြောဆိုခဲ့တဲ့ ဦးစောလယ်ထူးကျော်ကို ခါးပိုက်နှိုက် ၆ ယောက်က ဝိုင်းထိုးကြိတ်ပြီး ဖုန်း ၂ လုံး လုယက်သွားတဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် ရန်ကုန်မှာ ဓားပြတိုက်မှု၊ လုယက်မှုတွေ ဆက်တိုက်ဖြစ်နေပေမဲ့ ပြစ်မှုကျူးလွန်သူတွေကို စစ်တပ်နဲ့ ရဲက ဖမ်ဆီးနိုင်ခြင်းမရှိဘဲ စစ်မှုထမ်းအတွက် လူငယ်တွေကို နေ့စဥ် ပေါ်တာဆွဲ ဖမ်းဆီးနေပါတယ်။

ကမ်းနားလမ်း
ရန်ကုန်
လုယက်မှု
ဗိုလ်တထောင်
စက်သုံးဆီဆိုင်ဝန်ထမ်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013