Home
မြန်မာသတင်း
ခလရ ၁၅ တပ်တွင်းမုဒိမ်းမှု တိုင်ကြားသည့် ဗိုလ်ကြီးအား လုပ်ကြံသည့် တပ်သားကို ဖမ်းဆီး
DVB
·
June 10, 2025

ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ရဲ့ သမက် ကျူးလွန်ခဲ့တဲ့ မုဒိမ်းမှုကို တိုင်ကြားခဲ့တဲ့ ခလရ ၁၅ က ဗိုလ်ကြီးအား ရှေ့တန်းမှာ ပစ်ခတ်သတ်ဖြတ်ဖို့ ကြိုးစားတဲ့ တပ်သားတယောက်ကို ဖမ်းဆီးပြီး နောက်တန်းပြန်ပို့ကာ စစ်ဆေးနေတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ဇွန် ၁ ရက်က ရှေ့တန်းမှာရောက်နေတဲ့ ဗိုလ်ကြီးကို ခလရ ၁၅ ကနေ စစ်ကူပို့လိုက်တဲ့ တပ်သားတယောက်က အနောက်ကနေ သေနတ်နဲ့ပစ်ခတ်ရာ သေနတ်မှာ ဂျန့်ဖြစ်ပြီး ကျည်မထွက်လို့ ဗိုလ်ကြီးနဲ့အဖွဲ့ သိကာ ဖမ်းဆီးပြီး နောက်တန်းကို ပြန်ပို့ခဲ့တယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်က ပြောပါတယ်။

“ပြောရရင် ဗိုလ်ကြီး သေသွားရင် ခလရ ၁၅ မှာ ဖြစ်နေတဲ့ မုဒိမ်းမှုလည်း ပြီးသွားမှာ။ ရှေ့တန်းမှာဆိုတော့ ရန်သူလက်ချက်နဲ့ သေတယ်ဆိုပြီး အကြောင်းပြလို့လည်း ကောင်းတယ်။ ဒါကြောင့် တပ်ရင်းမှူးက စစ်ကူမှာ သူ့လူထည့်ပြီး အပြတ်ရှင်းခိုင်းတာ။”

ခလရ ၁၅ မုဒိမ်းမှုဖြစ်စဥ်မှာ ပြစ်မှုကျူးလွန်သူ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ရဲ့ သမက် ဗိုလ်ကြီးဇင်လင်းထွဋ် ကလွဲပြီး တပ်ကြပ်ကြီးခင်မောင်လွင်နဲ့ ပစ်ခတ်လုပ်ကြံသူ တပ်သားတယောက်ကို တပ်ရင်းအချုပ်မှာ ချုပ်နှောင်ထားတယ်လို့ ဖြစ်စဥ်ကို သိသူတယောက်က ပြောပါတယ်။

“တပ်ရင်းမှူးက ဒုဗိုလ်မှူးကြီးလစာ စားနေပြီ၊ ဗိုလ်မှူးပဲ ရှိတယ်၊ ဒုဗိုလ်မှူးကြီးအပွင့် မတင်သေးဘူး။ အဲဒီအချိန်မှာ မုဒိမ်းမှု ဖြစ်တယ်။ ကျူးလွန်တဲ့သူကလည်း ဒုဗိုလ်ချုပ်ကြီးရဲ့သမက် ဖြစ်နေတော့ အဲဒီဘက်က ရပ်တည်တယ်။ အခု မုဒိမ်းကျင့်ခံရတဲ့ ဗိုလ်ကြီးမိန်းမကို တပ်က နှင်ထုတ်တဲ့အပြင် ငှားနေတဲ့ရပ်ကွက်ကနေ ပြောင်းဖို့ ဖိအားပေးတယ်။”

မေလအတွင်းက မိုးညှင်းအခြေစိုက် ခလရ ၁၅ မှာ ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်ရဲ့ သမက် ဗိုလ်ကြီးဇင်လင်းထွဋ်က တပ်တွင်းဗိုလ်ကြီးတယောက်ရဲ့ ဇနီးဖြစ်သူကို အဓမ္မပြုကျင့်တဲ့ အမှုမှာ အဓိက မျက်မြင်သက်သေတယောက်ဟာ ရှေ့တန်းရောက်နေပြီး တယောက်က ထွက်ပြေးသွားတဲ့အတွက် အခုချိန်ထိ မစစ်ဆေးရကြောင်း သူက ဆက်ပြောပါတယ်။

အဆိုပါ မုဒိမ်းမှုနဲ့ပတ်သက်ပြီး အမှတ် ၉၀၄ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ အမှတ် ၂၀၈ အမြောက်တပ်ရင်းက တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးဝင်းနိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အဖွဲ့ဝင် ၇ ယောက်နဲ့ စစ်ဆေးနေပါတယ်။

လုပ်ကြံမှု
မုဒိမ်းမှု
ဗိုလ်ကြီးဇင်လင်းထွဋ်
ခလရ ၁၅
ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်
တပ်တွင်းမုဒိမ်းမှု

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013