Home
မြန်မာသတင်း
အင်းတော်ကြီး၌ ကျေးရွာဘောလုံးကွင်းအတွင်း ရွှေတူးဖော်မှု ဒေသခံများ ကန့်ကွက် ဆန္ဒပြ
DVB
·
June 9, 2025

ကချင်ပြည်နယ် မိုးညင်းမြို့နယ်​ထဲက KIA ထိန်းချုပ်ထားတဲ့ အင်းတော်ကြီး အနောက်ဘက်ကမ်း လုံးတုံ၊ မိုမုံကိုင်ကျေးရွာရှိ ဘောလုံးကွင်းမှာ ဒေသအာဏာပိုင်တွေနဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေက ကျေးရွာနေပြည်သူတွေ ကန့်ကွက်တဲ့ကြားက ရွှေတူးဖော်တာတွေ ဆက်လုပ်နေတာကြောင့် ရဟန်း သံဃာတွေနဲ့ ပြည်သူ ၁၅၀ လောက်က  ဇွန် ၈ ရက်မှာ ဆန္ဒပြကြပါတယ်။

ကျေးရွာပိုင် ဘောလုံးကွင်းမှာ ရွှေတူးဖော်တာကို ရပ်တန့်ဖို့ အားလုံး လက်မှတ်ထိုးကန့်ကွက်စာ တင်ထားတဲ့ကြားက ဆက်လက်တူးဖော်နေတာကြောင့် ဆန္ဒပြရတာလို့ ကျေးရွာ ဒေသခံ တယောက်က ပြောပါတယ်။

“သံဃာတွေ အပါအဝင်ပေါ့။ ပြည်သူတွေကော ဆိုရင် လူဦးရေက ၁၅၀ ဝန်းကျင်လောက်ရှိမယ်၊ အဲဒီမှာ ပြည်သူတွေ လိုလားတာက ဒီ ရပ်ရွာပိုင်တဲ့ ဘောလုံးကွင်းကို ရွှေတူးတာ ဘာညာ လုံးဝ မလုပ်ခိုင်းစေချင်ဘူးပေါ့၊ သူတို့ ကန့်ကွက်စာတွေကိုလည်း အားလုံးလက်မှတ်နဲ့ တင်ထားတာ။ အဲဒါကို တဖက်အာဏာပိုင် အဖွဲ့အစည်းက သဘောမတူဘဲ ကန့်ကွက်နေတဲ့ ကြားကနေ ဆက်လုပ်နေတဲ့အတွက် မကျေနပ်လို့ ဆန္ဒဖော်ထုတ်နေတာ။”

လက်ရှိအချိန် ကျေးရွာနေပြည်သူတွေက ဆန္ဒထုတ်ဖော် ကန့်ကွက်တာကြောင့် ရွှေတူးဖော်မှုတွေ ကတော့ ရပ်နားနေတယ်လို့ သိရပါတယ်။

ရွှေတူးဖော်မှုဟာ ဒေသခံ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တာဝန်ရှိသူတွေနဲ့ ရွှေတူးဖော်တဲ့ လုပ်ငန်းရှင်တွေ စပ်တူ တူးဖော်နေတာလို့ အမည်မဖော်လိုတဲ့ ဒေသခံထံက  သိရပါတယ်။

လက်ရှိအချိန်အထိ ဒေသအာဏာပိုင်တွေနဲ့ ပြည်သူတွေကြား သဘောတူညီမှုတွေ ရရှိတာ မရှိသေးဘူးလို့ သိရပါတယ်။

အင်းတော်ကြီးအိုင် ပတ်ဝန်းကျင်တွေမှာ ရွှေတူးဖော်မှုတွေ အကန့်အသတ်မရှိရွှေတူးဖော်မှုတွေ အများအပြား ရှိနေတယ်လို့ သိရပါတယ်။

မိုးညင်းမြို့နယ် အင်းတော်ကြီးဒေသက ဆနွင်းကုန်း၊ အင်းသာ ကျေးရွာဘက်တွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ နေ့စဉ် ဖြစ်ပွားနေပါတယ်။

kia
ဆန္ဒပြ
အင်းတော်ကြီး
ရွှေတူးဖော်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013