Home
မြန်မာသတင်း
အာဆီယံအမွေအနှစ် လန်ပိကျွန်းတွင် သစ်နှင့်ရွှေ အကြီးအကျယ်ထုတ်နေ
DVB
·
June 8, 2025

တနင်္သာရီတိုင်း၊ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်ပိုင်နက်အတွင်းမှာ တရားမဝင် သစ်ထုတ်တာနဲ့ ရွှေထုတ်တာ အကြီးအကျယ်လုပ်နေကြတယ်လို့ ဒေသခံနဲ့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

ရွှေထုတ်လုပ်တာကြောင့် ရေအောက်သန္တာကျောက်တန်းတွေနဲ့ ပင်လယ်မြက်ခင်းတွေ အကြီးအကျယ် ထိခိုက်လာနိုင်ပြီး သစ်အလွန်အကျွံထုတ်တာကြောင့် တောင်ပြိုတာ၊ မြေဆီလွှာတွေ မထိန်းနိုင်ဘဲ ကမ်းခြေမှာရှိတဲ့ ဂေဟစနစ်ပါ ထိခိုက်နေပြီလို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ်ထဲမှာပဲ ကော့သောင်းမြို့နယ်မှာရှိတဲ့ မကြုံဂလက်ရွာ၊ အောင်ဘာရွာနဲ့ ဘုတ်ပြင်းမြို့နယ်မှာရှိတဲ့ ဝါးကျွန်းရွာ၊ ဘာလိအော်ရွာမှာ တရားမဝင်သစ်ထုတ်နေပြီး အခုနှစ် ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “သစ်ထုတ်တာက လက်ရှိမှာ ကြောက်ခမန်းလိလိ ထုတ်နေတာပါ။ တကျွန်းလုံးလိုလို ဖြတ်စက်(ချိန်းဆော)အသံတွေက ပဋ္ဌာန်း(ရွတ်သံ)ပမာ အဆက်မပြတ်ညံနေတယ်” လို့ ပြောပါတယ်။

လန်ပိအမျိုးသားဥယျာဉ်ပိုင်နက်က သန္တာကျွန်း (ဒေသခေါ်)ဘိုလွတ်ကျွန်းမှာ သဲစုပ်စက်ကြီးတွေနဲ့ ရွှေမျောတိုက်လုပ်ငန်းတွေကို အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှာ စတင်ခဲ့ပြီး စက်ဆိုင်း(​ရွှေ​မျောတိုက်တဲ့ဖောင်) ပေါင်း ၁၀၀ ဝန်းကျင်လောက်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်ကို လေ့လာစောင့်ကြည့်နေသူတယောက်က “သစ်ထုတ်လုပ်မှု​တွေ အလွန်အကျွံဖြစ်လာရင်လည်း ​တောင်ပြိုတာ၊​ မြေဆီလွှာ​တွေမထိန်းနိုင်ဘဲ ကမ်း​ခြေမှာ​ဂေဟစနစ်တခုအ​နေနဲ့ရှိ​နေတဲ့ ပင်လယ်မြက်​တွေနဲ့ သန္တာ​ကျောက်တန်း​တွေကိုပါ ထိခိုက်လာမှာပါ။ ပင်လယ်မြက်နဲ့ သန္တာ​ကျောက်တန်း​တွေကို ထိခိုက်ခြင်းဟာ ​ရေသတ္တဝါ​တွေရဲ့ သား​ပေါက်စခန်း​တွေကို ထိခိုက်​စေတာနဲ့ အတူတူပါပဲ။ သား​ပေါက်စခန်း ပျက်စီးခြင်းဟာ မျိုးပွားကဏ္ဍကို ရပ်တန့်လိုက်သလိုပါပဲ။ ​နောက် ​တောပြုန်းတီးမှု​ကြောင့် ​တောကိုမှီခို​နေတဲ့ သားငှက်​တွေရဲ့ စားကျက်ကို ဖျက်ဆီးတာဖြစ်တဲ့အတွက် သားငှက်​တွေ ​ရွှေ့ပြောင်းသွားကြခြင်းကလည်း ​တောကို ထိန်းသိမ်းတဲ့ သဘာဝနည်းလမ်းဖြစ်တဲ့ ​ဂေဟစနစ်​တွေကို ရိုက်ချိုးလိုက်သလိုပါပဲ။ လန်ပိ လို ​ရေ​ပေါ်​ရေ​အောက်၊ ​မြေ​ပေါ်​မြေ​အောက် သဘာဝအလှ​တွေ ပျက်စီးခြင်းဟာ ခရီးသွားလုပ်ငန်းအ​ပေါ်မှာလည်း များစွာ ဆုံးရှုံး​စေမှာပါ” လို့ ပြောပါတယ်။

လန်ပိကျွန်းဟာ အာဆီယံအမွေအနှစ်ဥယျာဉ်စာရင်းဝင်ဖြစ်ပြီး ၁၉၉၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ မှာ အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

သစ်တော
လန်ပိကျွန်း
အာဆီယံအမွေအနှစ်
ရွှေထုတ်လုပ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013