Home
မြန်မာသတင်း
အိုးဘိုထောင်တွင် ငလျင်ကြောင့် နိုင်ငံရေးအကျဥ်းသား ၄၉ ဦး ကျဆုံးခဲ့ဟု PPNM ထုတ်ပြန်
DVB
·
June 7, 2025

မန္တလေးမှာ မတ် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အိုးဘိုထောင်မှ နိုင်ငံရေးအကျဥ်းသား ၄၉ ဦးကျဆုံးခဲ့တယ်လို့  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ ကွန်ရက် (PPNM)  က ဇွန် ၆ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် အိုးဘိုထောင်တွင်းအဆောက်အဦ ပြိုကျခဲ့တာကြောင့် အကျဥ်းသား ၇၀ ကျော် သေဆုံးခဲ့ပြီး နိုင်ငံရေးအကျဥ်းသား အနည်းဆုံး ၄၉ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

PPNM ရဲ့ ဦးဆောင်ကော်မတီဝင်တယောက်က “ကျနော်တို့အဖွဲ့အနေနဲ့ မန္တလေးအိုးဘိုထောင်အတွင်းက ငလျင်ကြောင့် ကျဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသူအကျဥ်းသား စာရင်းကို ခက်ခဲတဲ့ စောင့်ကြည့်မှု၊ မှတ်တမ်းကောက်ယူမှုတွေ လုပ်ခဲ့ရပါတယ်။ လုံခြုံရေးကို အဆိုးဆုံးထိ စိုးရိမ်ရတဲ့အခြေနေမျိုးမှာ အမှန်တရားအတွက် တာဝန်ခံတွေ၊ လုပ်ရမယ့် အဆင့်ဆင့်တာဝန်ယူထားသူတွေ ပူးပေါင်းပြီး လေ့လာစောင့်ကြည့်ဖော်ထုတ်ခဲ့တာ” လို့ ပြောပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် အိုးဘိုထောင်တွင်း နိုင်ငံရေးအကျဥ်းသားတွေနဲ့ အကျဥ်းသားတွေ သေဆုံးခဲ့မှုကို စစ်ကောင်စီတပ်က နည်းမျိုးစုံနဲ့သတင်းဖုံးထားပေမဲ့ ဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အိုးဘိုထောင်တွင်း အကျဥ်းသားတွေ သေဆုံးခဲ့ရမှုကို စစ်ကောင်စီက သတင်းဖုံးထားတာကြောင့် ပြည်သူတွေနဲ့ နိုင်ငံတကာအကူညီကို မရခဲ့တဲ့အပြင် ရက်လည်ဆွမ်းကျွေးပါ မလုပ်နိုင်ခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

“ကျနော်တို့လက်ရှိ သေဆုံးခဲ့တဲ့ နိုင်ကျဥ်းတွေအပါဝင် ထိခိုက်ဒဏ်ရာရသူအားလုံးက ငွေကြေးထောက်ပံ့မှု အပါဝင် လိုအပ်တဲ့ ဆေးဝါးထောက်ပံ့မှုတွေ များစွာလိုအပ်နေပါတယ်။ သေဆုံးသွားသူကအစ ရှင်သန်နေသူအားလုံး ကူညီစောင့်ရှောက်မှု လိုအပ်ပါတယ်။ အသက်ရှင်ကျန်နေပြီး ထိခိုက်ဒဏ်ရာရထားတဲ့ နိုင်ကျဥ်းတွေ အားလုံးထပ်သေဆုံးမှုမရှိအောင် ကူညီထောက်ပံ့မှုတွေ လိုအပ်တယ်” လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင်က ပြောပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် အိုးဘိုထောင်တွင်းမှ နိုင်ငံရေးအကျဥ်းသား ၃၁ ယောက်နဲ့ အကျဥ်းသူ ၁၈ ယောက် သေဆုံးခဲ့ရပါတယ်။

အိုးဘိုထောင်
PPNM

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013