Home
မြန်မာသတင်း
ကရင်နီ စစ်ဘေးရှောင်စာသင်ကျောင်းများ အကူအညီလိုအပ်နေ 
DVB
·
June 6, 2025

ကရင်နီ(ကယား) ပြည်နယ်က စစ်ဘေးရှောင် စာသင်ကျောင်းတွေမှာ ကျောင်းဖွင့်ရာသီ ရောက်လာပြီဖြစ်လို့  စာရေးကိရိယာနဲ့ ကျောင်းဆောင်သစ်တွေ အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်စာသင်ကျောင်းအများစုဟာ အလှူရှင်နဲ့ စစ်ရှောင်ပြည်သူတွေပေါင်းပြီး ကလေးငယ်တွေရဲ့ အနာဂတ်တွက် စာသင်ကျောင်းတွေ ဖွင့်လှစ်သင်ကြားနေကြတာပါ။

ဇွန်လထဲမှာ ကျောင်းတွေပြန်ဖွင့်ဖို့ရှိနေပေမဲ့ ကလေးငယ်တွေအတွက် ဖတ်စာအုပ်တွေ၊ စာရေးကိရိယာတွေနဲ့ သင်ထောက်ကူတွေလိုအပ်နေပြီး ကျောင်းအတွက် မိုးကာတွေနဲ့ ကျောင်းဆောင်သစ်တွေလိုအပ်နေတာပဲ ဖြစ်ပါတယ်။

ဆရာမတယောက်က "ပထမအချက်အနေနဲ့တော့ စာရေးကိရိယာ သင်ထောက်ကူတွေလိုမယ်၊ နောက်ပြီးတော့ အိမ်သာတို့ မိုးကာတို့။ တဲနဲ့ဆောက်သွားတာဖြစ်တဲ့အတွက် ဝါးနဲ့မိုးကာ အဓိကပေါ့နော်။ အဲ့ကြောင့် မိုးကာနဲ့ အကာတွေလိုမယ်၊ ခုံတွေလိုမယ်။ နောက်ပြီး ဗုံးခိုကျင်းတွေ လိုမယ်ပေါ့နော်။ ကလေးတွေအတွက်တော့ အများကြီးလိုတာပေါ့နော်”လို့ ပြောပါတယ်။

ဆရာ/မ တွေ အတွက်လည်း လစာရရှိတာမျိုးမရှိတာကြောင့် ကျောင်းသား တယောက်စီကနေ တလကို ငွေ ကျပ် ၅,၀၀၀ ကနေ ကျပ် ၁၀,၀၀၀ လောက် ကောက်ယူတဲ့ကျောင်းတချို့ရှိပေမဲ့ စစ်ဘေးရှောင်မိသားစုဝင်တချို့က ကလေးအရေအတွက်များပြီး ဝင်ငွေမရှိတာကြောင့် ကျောင်းမထားနိုင်တာမျိုးလည်း ရှိနေပါတယ်။

ဒါ့အပြင် မိုးကာတဲတွေက နေဒဏ်လေဒဏ်တွေကြောင့် ဆွေးမြေ့ပေါက်ပြဲကုန်လို့ စာသင်နှစ်အတွက် မိုးလုံလေလုံ အဆောင်တွေလိုအပ်နေတာပဲ ဖြစ်ပါတယ်။

Jobs For Kayah တာဝန်ခံက "ကျောင်းဖွင့်ရာသီရောက်ပြီဆိုရင် စစ်ဘေးရှောင်တွေရော၊ ဒေသခံကလေးတွေအတွက်ရော တော်တော်လေးကို လိုအပ်ချက် အရမ်းများတယ်။ အဓိကက အခြေခံအဆောက်အဦတွေပေါ့နော်။ ယာယီကျောင်းဆောင်တွေ ဆောက်လုပ်ထားတာ များ တဲ့အတွက် အမိုးအကာတွေ တနှစ်ကျော်လာပြီဖြစ်တော့ မိုးကာတွေ ဆွေးမြေ့သွားတာတွေ ရှိတယ်ပေါ့နော်။ နောက်လိုအပ်ချက်ဖြစ်တဲ့ စာရေးကိရိယာပိုင်းပေါ့နော်။ ကလေးတွေအတွက် ဖတ်စာအုပ်တွေ၊ ဗလာစာအုပ်တွေ၊ ခဲတံ ဘောပင် အစအဆုံးပေါ့နော်။ လိုအပ်ချက်တွေ အရမ်းများနေတာပေါ့"လို့ ပြောပါတယ်။

ဖတ်စာအုပ်တွေဆိုရင်လည်း KG ဖတ်စာအုပ် တစုံကို ကျပ် ၉၀၀၀ လောက်က စရှိနေပြီး အထက်တန်း ဖတ်စာအုပ်တွေက ကျပ် ၃၀၀၀၀ ဝန်းကျင်အထိရှိနေတာကြောင့် ဝယ်ယူဖို့ မတတ်နိုင်ကြဘူးလို့ သိရပါတယ်။

Jobs For Kayah အဖွဲ့ဆီမှာ အကူညီတောင်းခံထားတဲ့ စာသင်ကျောင်း ၃၀ ကျော်အထိရှိနေပြီး တခြား စစ်ရှောင်အရေးကူညီပေးနေတဲ့ အဖွဲ့အစည်းတွေဆီမှာလည်း အကူအညီတောင်းခံ နေကြပါတယ်။ 

နှင်းနှင်း

စာသင်ကျောင်း
ကရင်နီ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013