Home
မြန်မာသတင်း
စစ်ကောင်စီ အကြမ်းဖက်ဥပဒေကြောင့် အွန်လိုင်းဈေးရောင်းသူများ စိုးရိမ်နေ
DVB
·
June 6, 2025

ပြည်ပမှာရောက်ရှိနေကြတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေရဲ့ အွန်လိုင်း လူမှုကွန်ရက်တွေပေါ်မှာ ရောင်းချနေတဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူတာ၊ တဆင့်ခံ ရောင်းချတာနဲ့ ချိတ်ဆက်လုပ်ကိုင်တာမျိုး ရှိပါက အကြမ်းဖက်ဥပဒေနဲ့ အရေးယူ ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

ဒီအခြေအနေကြောင့် အွန်လိုင်းက ဈေးရောင်းဝယ်သူ တချို့လည်း စိုးရိမ်မှုနဲ့ အခက်ကြုံနေကြရပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေရဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူအားပေးတာ၊ တဆင့် ပြန်လည်ရောင်းချတာနဲ့ တနည်းနည်းနဲ့ ကူညီလုပ်ဆောင်ပေးတာမျိုး ရှိပါက အကြမ်းဖက်ဥပဒေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီက ဇွန် ၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ထားတဲ့ အဆိုတော် ချမ်းချမ်းနဲ့ ချိတ်ဆက်ပြီး အွန်လိုင်း ‌ရောင်းချမှုများ လုပ်ကိုင်ပေးနေသူ ၂ ယောက်ကို ဖမ်းဆီးရရှိထားကြောင်း၊ ဖမ်းဆီးခံထားရသူ ၂ ယောက်ဟာ အဆိုတော် ချမ်းချမ်းနဲ့ ချိတ်ဆက်ပြီးတော့ ပြည်ပက နိုင်ငံခြားဖြစ် ပစ္စည်းတွေကို အခကြေးငွေနဲ့ ထပ်ဆင့်ဖြန့်ဝေရောင်းချတာ၊ ငွေကြေးကောက်ခံပေးတာတွေ လုပ်ဆောင်ခဲ့တယ် ဆိုပြီးတော့လည်း ကြေညာခဲ့တာပါ။

ရန်ကုန်မြို့က အွန်လိုင်းကနေ ဈေးရောင်းချနေသူတယောက်ကတော့ ဒီလို ဖမ်းဆီးတာက တော်လှန်ရေးကို ထောက်ပို့လုပ်တဲ့သူတွေကို ခြိမ်းခြောက်တာဖြစ်ပြီး အလုပ်လုပ် ကိုင်ရတာက လည်း အထွေထွေ ကျပ်တည်းခက်ခဲလာတယ်လို့ ဆိုပါတယ်။

“ဒီလို ဖမ်းဆီးတာက တော်လှန်ရေးကို တနည်းနည်းနဲ့ ကူညီပေးနေသူတွေကို ကြောက်ရွံ့အောင် လုပ်တာပေါ့။ ဒီလိုမျိုး နိုင်ငံခြားရောက်နေတဲ့သူတွေနဲ့ ချိတ်ဆက်ရောင်းချတာမျိုး မဟုတ်ဘဲ ပုံမှန်အတိုင်း ဆိုရင်တောင် အခုဆိုရင် အဝင်အထွက်တွေ ပိုကျပ်သွားတယ်၊ စစ်ဆေးရေးဂိတ်တွေ ပိုကျပ်သွားတယ်၊ တချို့တွေကျတော့လည်း မှတ်ပုံတင်ပြီးသားလူတွေတောင်မှပဲ စစ်ဆေးရေးဂိတ်တွေမှာ ပစ္စည်းတွေ ဖောက်စစ်တော့ အပျက်အစီးများတာပေါ့။ အခုက တော်လှန်ရေးအတွက် ထောက်ပို့တာမျိုး မပြောနဲ့၊ ငလျင်ဘေးအလှူတို့ ရေဘေးအလှူတို့ လှူရင်တောင် စောင့်ကြည့်ခံရတာ၊ အရေးယူခံရတာတွေက ရှိနေတယ်။ ဆိုတော့ အလုပ်လုပ်ရတာလည်း ခက်ခဲကျပ်တည်းလာတယ်။ ကူညီပေးတာတောင် ဘယ်အချိန် ဖမ်းခံရမလဲဆိုပြီး ကြောက်နေရတယ်။”

စစ်ကောင်စီက လက်ရှိ ဖမ်းဆီးထားတဲ့ အွန်လိုင်းရောင်းချသူ ၂ ယောက်ကို လက်မှတ်မရှိဘဲ တရားမဝင်ရောင်းချခြင်း၊ ပြည်ပက ဥပဒေမဲ့ တင်သွင်းသူတွေနဲ့ ချိတ်ဆက်ဖြန့်ဝေ ရောင်းချတာတွေအတွက် ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အွန်လိုင်းကတဆင့် ဈေးရောင်းချနေကြတဲ့ ပန်ဆယ်လို၊ အိုင်းရင်း၊ ဇွန်နီလာဌေး၊ အောင်သော်၊ ချမ်းမြမြသော်၊ သင်းသင်းနွယ်၊ CDM ဆရာမ ခိုင်စုလွင်၊ ဒါရိုက်တာကိုပေါက် ဇနီး ထက်နီနီသန်း တို့နဲ့ ချိတ်ဆက်ပြီးတော့ အွန်လိုင်းဈေးရောင်းတာ၊ တနည်းနည်းနဲ့ ကူညီဆောင်ရွက်တာမျိုး ရှိပါက အကြမ်းဖက်ဥပဒေနဲ့ ထိရောက်စွာ အရေးယူမယ်လို့လည်း စစ်ကောင်စီက ဆိုပါတယ်။

မန္တလေးဒေသ နိုင်ငံရေးစင်္ကြံဖြစ်မြောက်ရေးအဖွဲ့ (OFMPP) မှ ကိုဇင်က “တကယ်တော့ အကြမ်းဖက်ဥပဒေဆိုတာက စစ်ကောင်စီအနေနဲ့က ကျင့်သုံးခွင့်ရှိတဲ့ နိုင်ငံရေးအာဏာတော့ သူတို့မှာ မရှိဘူးပေါ့နော်။ ဒီစစ်တပ်ဟာ အရပ်သားအစိုးရအောက်မှာပဲ ရှိရမယ်၊ သူတို့ ကိုးကားနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း အနည်းနဲ့အများ ပါပါတယ်။ ဒီဥပဒေကို ပြဋ္ဌာန်းဖို့ နောက်ပြီးတော့ ဥပဒေကို ကျင့်သုံးဖို့ပေါ့နော်၊ အဒီအရာက နောက်ပြီး ဥပဒေနဲ့အညီ ညွှန်ကြားချက် ထုတ်ဖို့ ဆိုတာတွေကတော့ စစ်တပ်အနေနဲ့ နောက်ပြီးတော့ ဒီလိုမျိုး ပြည်သူ့အာဏာကို အတင်းအဓမ္မ ယူထားတဲ့၊ စစ်ကောင်စီအနေနဲ့ ဒီဟာကို ကျင့်သုံးခွင့်မရှိဘူး ဆိုတာတော့ ပြောရမှာပေါ့။ အကြမ်းဖက်ဥပဒေကို အသုံးပြုတယ်လို့ ဆိုကြမယ်ဆိုရင်လည်းပဲ ကျနော်တို့ ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံရေးအင်အားစုတွေအနေနဲ့၊ နောက်ပြီး ပြည်တွင်းမှာရှိနေတဲ့ ပြည်သူလူထုတွေ အနေနဲ့က ဒီ စစ်တပ်ဟာ တော်လှန်ရေးအပေါ်မှာပဲ ဖြတ်လေးဖြတ်နဲ့ ဖြတ်ဖို့ ကြိုးစားတာ မဟုတ်ဘဲနဲ့ ပြည်သူအပေါ်မှာပါ အကြမ်းဖက်လုပ်ရပ်တွေ များစွာ လုပ်နေတယ်ဆိုတဲ့ အရာနဲ့ ဒီအကြမ်းဖက်မှုတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ အဓမ္မဖမ်းဆီးတဲ့၊ ချုပ်နှောင်တဲ့ လုပ်ရပ်တွေကို ရပ်တန်းက ရပ်ဖို့ ဆိုတာမျိုးကိုလည်း အသံထွက်ဖို့တော့ လိုတယ်ပေါ့” လို့ ပြောပါတယ်။

တပိုင်တနိုင် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိတဲ့ အွန်လိုင်းကနေ ရောင်းဝယ်ရေး လုပ်ငန်းတွေကို မှတ်ပုံတင်ဖို့ ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့တာပါ။

မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းဈေးရောင်းချပါက အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူခံရမှာဖြစ်ပြီး ထောင် ၆ လကနေ ၃ နှစ် ဒါမှမဟုတ် ကျပ်ငွေ ၅၀၀,၀၀၀ ထက်မပိုတဲ့ ဒဏ်ငွေ ပေးဆောင်ရမှာပဲ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကစပြီး ၂၀၂၅ ခုနှစ် ဇွန် ၄ ရက်အထိ နိုင်ငံရေးနဲ့ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၉,၂၂၆ ယောက်ရှိပြီး ဒီအထဲကမှ ၂၂,၀၈၇ ယောက်ကတော့ ထိန်းသိမ်းခံနေရဆဲ ဖြစ်သလို ထိန်းသိမ်းခံထားသူတွေထဲက ၁၀,၇၅၃ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရတာ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

မြတ်သဇင်

အကြမ်းဖက်ဥပဒေ
အွန်လိုင်းဈေးရောင်းသူ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013