Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် စိန်ပန်းပင် ဆေးဖက်ဝင်
DVB
·
June 4, 2025

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် စိန်ပန်းပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

စိန်ပန်းပင်ကို သိပ္ပံလို Delonix regia လို့ခေါ်ပြီး အင်္ဂလိပ်လို Royal Poinciana, Flamboyant, Flame Tree စသဖြင့် ခေါ်ကြပါတယ်။

စိန်ပန်းပင်ရဲ့ ပင်စည်အခေါက်မှာ Flavanoid၊ alkaloid၊ Saponin၊ sterol၊ stigmasterol၊ carotene၊ hydrocarbon phytotoxin၊ beta sitosterol၊ lupeol၊ p-methoxybenzaldehyde၊ iso lupeol၊ carotene၊ phenolic acid၊ အမြစ်ခေါက်မှာ Glycoside၊ tannin၊ alkaloid၊ sterol၊ terpenoid၊carbohydrate၊ ပန်းပွင့်မှာ Flavanoid၊ tannin၊ alkaloid၊ saponins၊ စတီးရွိုက်များ၊ carotenoid၊ lycopene၊ phytoene၊ beta carotene၊ ပရိုလီကိုပင်၊ နီအိုလီကိုပင်၊ phenolic acid၊ gallic acid၊ protocatechuic acid၊ salicylic acid၊ Transcinnamic acid၊ chlorogenic acid၊ anthocyanins-3-cyaniin cyanidin-3-gentiobioside၊ beta sitosterol၊ အရွက်မှာ Leupol၊ phenolic acid၊ gallic acid၊ protocatechuic acid၊ salicylic acid၊ beta sitosterol နဲ့ အစေ့မှာ Saponin၊ galactomannon စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းတွေ ပါဝင်ပြီး ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ဒဏ်ရာအနာကျက်ခြင်း၊ ကင်ဆာရောဂါဆန့်ကျင်ခြင်း၊ ဓာတ်တိုး ဆန့်ကျင်ခြင်း၊ အသည်းကိုကာကွယ်ပေးခြင်း၊ ဆီးချိုကျစေခြင်း၊ ပိုးသတ်ဆေးအာနိသင်ရှိခြင်း၊ ဝမ်းသွားခြင်းကို ဆန့်ကျင်ခြင်း၊ အနာကျက်စေခြင်း စတဲ့ အစွမ်းအာနိသင်များ ရှိပါတယ်။

ဆေးဘက်ဆိုင်ရာမှာ အပွင့်၊ အရွက်၊ ပင်စည်၊ အခေါက် တို့ကို သုံးစွဲကြပါတယ်။

အဆစ်အမြစ်ရောင်ရောဂါမှာ အရွက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို နနွင်းမှုန့် ကော်ဖီဇွန်းဝက်နဲ့ တနေ့ ၁-၂ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။ စိန်ပန်းရွက်ကို ကြိတ်ချေပြီး ရောင်နေတဲ့နေရာကို အုံထားပေးခြင်း၊ အရွက်သတ္တုရည်ကို လိမ်းပေးခြင်းက နာကျင်မှုကို သက်သာစေပါတယ်။

ဝမ်းပျက် / ဝမ်းလျှောခြင်းများမှာ စိန်ပန်းပင်အခေါက်မှုန့် တခါသောက် ကော်ဖီ ၁ ဇွန်းကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

စိန်ပန်း ပန်းပွင့်အမှုန့် ကော်ဖီ ၁ ဇွန်းကို နွားနို့ ၁ ခွက်နဲ့ ညအိပ်ရာဝင်ချိန် စားသုံးခြင်းက ကြွက်တက်ခြင်း သက်သာစေပါတယ်။

အရွက်အမှုန့်ကို ဆံသားအရင်းမှာ လိမ်းပေးခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကို သက်သာစေပါတယ်။

စိန်ပန်းရွက် အသင့်အတင့်ကို  ရေနွေးဖျောပြီး အတို့အမြှုပ်ပြုလုပ် စားသောက်ပေးခြင်းဖြင့် ဝမ်းပျော့စေပါတယ်။

ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲခြင်းအတွက် စိန်ပန်းပွင့်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို ချင်းမှုန့် ကော်ဖီဇွန်းဝက်နဲ့ တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

စိန်ပန်းအစေ့ဆီကို နားကိုက်ခြင်း နားရောင်ခြင်းများမှာ လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

အစာအိမ်နာများမှာ စိန်ပန်းအခေါက် သွေးရည် ဟင်းစားဇွန်း ၁ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်းဖြင့် သက်သာမှုရစေပါတယ်။

အရွက်ဟာ သွေးတွင်းသကြားဓာတ်အဆင့်ကို လျှော့ချပေးနိုင်တဲ့အာနိသင် ရှိတာကြောင့် ဆီးချိုရောဂါမှာ သွေးတွင်းသကြားဓာတ် အနိမ့်အမြင့်ပေါ်မူတည်ပြီး အရွက်သတ္တုရည် တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို တနေ့ ၂-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။

စိန်ပန်းအရွက်မှာ flavonoid ပါဝင်တာကြောင့် စိန်ပန်းရွက်ကို စားသုံးပေးခြင်းက အသည်းကျန်းမာရေးကို ကာကွယ်ပေးပါတယ်။

ဘက်တီးရီးယား၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်းနဲ့ ရောဂါပိုးမွှား ဆန့်ကျင်ဂုဏ်သတ္တိများ ပါဝင်တာကြောင့် ရေယုန်ရောဂါမှာ အရွက်သတ္တုရည်ကို လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။

အရွက်သတ္တုရည်ကို ဒဏ်ရာအနာများမှာ လိမ်းပေးခြင်းဖြင့် ရောဂါပိုးကြီးထွားခြင်းမှ ကာကွယ်ပေးနိုင်ပြီး အနာကျက်စေပါတယ်။

လိပ်ခေါင်းမှာ အဝါရောင်စိန်ပန်းအရွက်ကို နို့နဲ့ကြိတ်ပြီး လိမ်းပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

စိန်ပန်းရွက်ကို လက်ဖက်ခြောက်ပြုလုပ်ပြီး ရေနွေးကြမ်းအဖြစ် သောက်သုံးပေးခြင်းဖြင့် ကိုယ်ခံအားကို မြှင့်တင်ပေးပြီး အဆုတ်ကို အားကောင်းစေခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး စတဲ့ နာတာရှည်ရောဂါများကို ကာကွယ်ပေးခြင်း၊ အသည်းကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ အဆစ်ရောင်ရောဂါကို ကာကွယ်ပေးခြင်း၊ ကင်ဆာဖြစ်ပွားနိုင်ခြေကို လျော့ပါးစေခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိစေနိုင်ပါတယ်။

စိန်ပန်းပင်ကို ဆေးဝါးအဖြစ် အသင့်အတင့် စားသောက်ခြင်းဖြင့် ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံသုံးစွဲခြင်းက ပန်းနာရင်ကျပ်၊ နှလုံးရောဂါဝေဒနာရှင်များ၊ နို့တိုက်မိခင်၊ ကလေးများနဲ့ သက်ကြီးရွယ်အိုများအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ စိန်ပန်းပွင့်နဲ့ ဓာတ်မတည့်သူများ စိန်ပန်းပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်သင့်ပါတယ်။

နွေဦးပြည်သူများ စိန်ပန်းပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

စိန်ပန်းပင်
သာဇဏ်
နွေဦးပြည်သူ
ဆေးဖက်ဝင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013