Home
မြန်မာသတင်း
လုပ်ခတိုးမြှင့်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့သည့် စက်ရုံအများစု ပြေလည်မှုရ
DVB
·
June 4, 2025

မြန်မာပြည်တွင်း လုပ်ခတိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုတဲ့ စက်ရုံအများစုမှာ တရက်လုပ်ခ ကျပ် ၁၂,၀၀၀ နီးပါးနှုန်းနဲ့ ပြေလည်ခဲ့တယ်လို့  ဖြစ်စဥ်မှတ်တမ်းတွေအရ သိရပါတယ်။

ပြည်တွင်းရှိ စက်ရုံတွေမှာ လုပ်ခတိုးမြှင့်ပေးဖို့ ဆန္ဒပြ တောင်းဆိုတာတွေ ဆက်တိုက်ရှိနေကာ နှစ်ဖက်ညှိနှိုင်းပြီး ပြေလည်သွားတဲ့ တိုးတက်မှုတွေ ရှိလာတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတချို့က ဆိုပါတယ်။

အမည်မဖော်လိုတဲ့ အလုပ်သမားအရေး ကူညီနေသူတယောက်က “တောင်းတဲ့နှုန်း မဟုတ်တောင်မှ အတိုင်းအတာတခုလောက်အထိ လုပ်ခတိုးပေးလာတာတော့ တွေ့ရတယ်။ အလုပ်သမားတွေကနေ အခုလို တောင်းဆိုတာမျိုး မရှိရင် ဒီလိုအနေအထား ရှိလာမယ်မထင်ဘူး” လို့ ပြောပါတယ်။

စက်ရုံတချို့မှာ အလုပ်သမားတွေက တရက်လုပ်ခ ကျပ် ၁၀,၀၀၀ ကနေ ၁၃,၀၀၀ ကျပ် ပေးဖို့ တောင်းဆိုတာတွေ ရှိနေကြတာဖြစ်ပြီး Adidas ဖိနပ်ချုပ်တဲ့ ချန်းရီစက်ရုံမှာ ၁၂,၀၀၀ ကျပ်နှုန်းနဲ့ သဘောတူညီမှုရခဲ့လို့ လုပ်ခတိုးပေးဖို့ တောင်းဆိုနေတဲ့ စက်ရုံတွေထဲမှာ အမြင့်ဆုံး လုပ်ခပြောင်းလဲမှု မှတ်တမ်းဝင်ခဲ့ပါတယ်။

အလားတူ လုပ်ခတိုးမြှင့်ပေးဖို့ တောင်းဆိုတဲ့ စက်ရုံတွေ ဆက်တိုက်ရှိလာခဲ့ပြီး အများစုက ဒေးကြေး ၁၁,၅၀၀ ကျပ်နှုန်းနဲ့ ပြီးပြတ်သွားတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

ပြည်တွင်း အလုပ်သမားအရေး လှုပ်ရှားသူတယောက်က “တော်တော်များများ ပြေလည်သွားတဲ့ နှုန်းက ၁၁,၅၀၀ နဲ့ဆိုတာကို သတိထားမိတယ်။ ဒါက လုပ်ငန်းရှင်တွေ ညှိပြီး လက်ခံပေးတဲ့ ပမာဏလို့ ယူဆတယ်။ ဆန္ဒပြ တောင်းဆိုမှ တိုးပေးမယ် ဆိုတာထက် ပေးနိုင်တဲ့ အနေအထားမှာ ကိုယ့်အလုပ်သမားတွေကို လုပ်ခတိုးပေးလိုက်တာက ပိုပြီးသိက္ခာရှိမယ်” လို့ ပြောပါတယ်။

လုပ်ခတိုးပေးဖို့ ဆန္ဒပြ တောင်းဆိုတာတွေ ရှိခဲ့ကာ ပြေလည်သွားခဲ့တဲ့ စက်ရုံတချို့ထဲ တရက် လုပ်ခ ၁၃,၀၀၀ ကျပ် တောင်းခဲ့တဲ့ GTIG (2) နဲ့ GTIG (1) အထည်ချုပ်စက်ရုံနှစ်ခု ပါဝင်ခဲ့ပြီး ၁၁,၅၀၀ ကျပ်နှုန်းနဲ့ သဘောတူညီသွားခဲ့ပါတယ်။

ဒါ့အပြင် ရုံခွဲ ၅ ခုရှိတဲ့ GTIG က ကျန်ရှိတဲ့ စက်ရုံခွဲတွေကိုပါ အဲဒီနှုန်းအတိုင်းပေးဖို့ ဆုံးဖြတ်လိုက်တယ်လို့ အဲဒီစက်ရုံလုပ်သားတွေဆီက သိရပါတယ်။

Dishang Fashion (Myanmar) အထည်ချုပ်စက်ရုံမှာ တရက်လုပ်ခ ၁၃,၀၀၀ ကျပ် ရရှိဖို့ တောင်းဆိုရာမှာ ထပ်ဆောင်းထောက်ပံ့ကြေးအပါ ၁၁,၀၀၀ ကျပ်နဲ့ ပြေလည်သွားခဲ့သလို Tianjin Fashion Milestone အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေ တောင်းဆိုတဲ့အတိုင်း တရက်လုပ်ခ ၁၀,၀၀၀ ကျပ်နဲ့ အချိန်ပိုကြေး ၂,၂၀၀ ကျပ် ရရှိသွားခဲ့တယ်လို့ သက်ဆိုင်ရာ အလုပ်သမားအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

တရက်လုပ်ခ ၁၀,၀၀၀ ကျပ်တိုးပေးဖို့ တောင်းဆိုခဲ့ကြတဲ့ True Green ကော်စေ့စက်ရုံမှာ ၈,၀၀၀ ကျပ်နဲ့ ပြေလည်သွားခဲ့ပြီး Bontech Manufacturing စက်ရုံလုပ်သားတွေရဲ့ တရက် လုပ်ခ ၁၃,၀၀၀ ကျပ် ရရှိရေး တောင်းဆိုချက်က ၁၁,၅၀၀ ကျပ်နဲ့ သဘောတူညီသွားခဲ့တယ်လို့လည်း သိရပါတယ်။

ပဲခူးတိုင်း၊ သာယာဝတီမြို့က ဂုံမင်းမြောင်ဟွာရှိန် အထည်ချုပ်စက်ရုံ အလုပ်သမားတွေရဲ့ တရက်လုပ်ခ ၁၂,၀၀၀ ကျပ်ပေးဖို့ တောင်းဆိုမှုကလည်း ၁၁,၅၀၀ ကျပ်နဲ့ ပြေလည်သွားခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ Joy Time အထည်ချုပ်စက်ရုံလုပ်သားတွေရဲ့ လုပ်ခတိုးပေးဖို့ တောင်းဆိုမှုကလည်း ၁၁,၅၀၀ ကျပ်နှုန်းနဲ့ သဘောတူညီသွားတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုချက်အရ လုပ်ခတိုးပေးလိုက်တဲ့ စက်ရုံအများစုက ထောက်ပံ့ကြေး ပိုပေးတဲ့ နည်းလမ်းနဲ့ ဖြေရှင်းလိုက်တာဖြစ်သလို တနှစ်အတွင်း ထပ်ပြီး တောင်းဆိုတာ မလုပ်ဖို့ အလုပ်သမားတွေဆီက သဘောတူညီချက် ရယူထားတာမျိုး တွေ့ရပါတယ်။

စက်ရုံတချို့မှာ ၂၀၁၈ ကတည်းက သတ်မှတ်ထားတဲ့ အနည်းဆုံး တရက်လုပ်ခ (ဒေးကြေး) ၄,၈၀၀ ကျပ်၊ အာဏာသိမ်း စစ်ကောင်စီကနေ မကြာခင်ကမှ ခွင့်ပြုလိုက်တဲ့ ထောက်ပံ့ကြေး ၂,၀၀၀ ကျပ်နဲ့ လုပ်ကိုင်နေကြရတာ မလုံလောက်လို့ဆိုပြီး မေလကုန်ပိုင်းကစကာ လုပ်ခတိုးပေးဖို့ ဆန္ဒပြ တောင်းဆိုလာကြတာပါ။

လက်ရှိမှာ ဆန္ဒပြ တောင်းဆိုပြီး ညှိနှိုင်းပြေလည်သွားတဲ့ စက်ရုံတွေရှိသလို ဆက်လက် တောင်းဆိုနေဆဲနဲ့ ဆန္ဒပြဖို့ ပြင်ဆင်နေတဲ့ စက်ရုံတွေ ရှိနေတယ်လို့လည်း အဲဒီလုပ်ငန်း အသိုက်အဝန်းဆီက သိရပါတယ်။

လုပ်ခ
စက်ရုံ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013