Home
မြန်မာသတင်း
မန္တလေးက ကျန်းမာရေးဝန်ထမ်းများ လားရှိုး ပို့ရန် စစ်ကောင်စီ စီစဥ်
DVB
·
May 29, 2025

စစ်ကောင်စီ ပြန်လည်အုပ်ချုပ်နေပြီဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ဆီ မန္တလေးက ကျန်းမာရေးဝန်ထမ်းတွေကို မေလကုန်တာနဲ့ ပို့ဖို့ စစ်ကောင်စီဘက်က စီစဥ်နေတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ထမ်းတွေဆီက သိရပါတယ်။

ဧပြီ ၂၁ ရက်ကစပြီး လားရှိုးမြို့ကို ပြန်ဝင်လာတဲ့ စစ်ကောင်စီဟာ ကျန်းမာရေးဝန်ထမ်း နည်းနေတာကြောင့် လားရှိုးဆေးရုံက အရေးပေါ်လူနာဌာနကိုပဲ ဖွင့်လှစ်နိုင်သေးလို့ မန္တလေးက ကျန်းမာရေးဝန်ထမ်းတွေကို ပို့ဖို့ စီစဥ်နေတာလို့ သိရပါတယ်။

လားရှိုးကို ပြောင်းရွှေ့ခံရတဲ့ ဆရာဝန်တယောက်က “မန္တလေးက ကျန်းမာရေးဝန်ထမ်းတွေကို ဒီလကုန် အလုံးအရင်းနဲ့ လားရှိုးပို့ဖို့ လုပ်နေတယ်။ အော်ဒါတွေ ထွက်ပြီ။ လားရှိုးဆေးရုံကြီး တာဝန်ထမ်းဆောင်ဖို့။ ဘယ်သူမှလည်း မသွားချင်ကြဘူး” လို့ ပြောပါတယ်။

ပို့ဆောင်မယ့် ကျန်းမာဝန်ထမ်း အရေအတွက် များပြီး အရေအတွက် အတိတကျကိုတော့ သူက ပြောဆိုတာ မရှိပါဘူး။

လားရှိုးဆေးရုံကို မေ ၂ ရက်က စစ်ကောင်စီဘက်က အခမ်းအနားနဲ့ ဖွင့်လှစ်ပေမဲ့ ဒီနေ့အထိ ဆေးရုံတက် လူနာတွေကို လက်မခံသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

“ဆေးရုံထဲလည်း ဘာမှမကျန်ဘူး။ သူတို့ အရေးပေါ်ဌာနလောက်ပဲ ဖွင့်နိုင်တယ်။ လူနာတင်ကားတွေလည်း မရှိတော့ဘူး။ အောက်ဆီဂျင်အလုံး ၁,၀၀၀ ကျော်မှာ ၁၀၀ လောက်ပဲ ကျန်တော့တယ်။ ခုတင်တွေလည်း မစုံတော့ဘူး။ ဆေးခန်းပေးစရာမရှိဘူး။ အခု အဲဒါတွေ တဖြည်းဖြည်း ပြန်ထည့်ပြီးမှ လူနာလက်ခံမယ်လို့ ကြားတယ်။ ကျန်းမာရေးဝန်ထမ်းတွေလည်း နည်းနေသေးတယ်” လို့ DVB ကို ပြောပါတယ်။

လားရှိုးဆေးရုံကြီး မလည်ပတ်နိုင်သေးတာကြောင့် ဒေသခံတွေဟာ ပြင်ပဆေးခန်းတွေကိုသာ အားကိုးနေရပြီး တချို့ဒေသခံတွေကတော့ လားရှိုးက စစ်ဆေးရုံကို တက်ရောက်ကုသရတယ်လို့ ဆိုပါတယ်။

လားရှိုးမြို့က စစ်ဆေးရုံ ပြန်ဖွင့်တာဟာ ရက် ၂၀ ဝန်းကျင်ရှိပြီလို့လည်း သူက ဆိုပါတယ်။ တရုတ်အကူအညီနဲ့ စစ်ကောင်စီနဲ့ MNDAA တို့ အပစ်ရပ်ကြပြီးနောက်မှာ လားရှိုးမြို့ကနေ MNDAA  ဆုတ်ခွာသွားရတာ ဖြစ်ပါတယ်။

ပြန်လည်ဆုတ်ခွာရချိန်မှာ လားရှိုးဆေးရုံက ကျောက်ကပ်ဆေးစက်တလုံးကို သိန္နီဆေးရုံဆီ ယူဆောင်သွားတဲ့အပြင် CDM ဆရာဝန်တွေနဲ့ သူနာပြုတွေလည်း သိန္နီဆေးရုံကို ပြောင်းရွှေ့သွားကြတာ ဖြစ်ပါတယ်။

လားရှိုးမြို့နဲ့ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တို့ကို MNDAA ပူးပေါင်းတော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ် ၃ ရက်မှာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မန္တလေး
လားရှိုး
ကျန်းမာရေးဝန်ထမ်း
စစ်ကောင်စီ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013