Home
မြန်မာသတင်း
ကမ်ဖိုင်ဖစ်တွင် တရားမဝင် တရုတ် ၅ ဦးနှင့် မြန်မာ ၄ ဦး ဖမ်းဆီးခံရ၊ ကားသမားထွက်ပြေး 
DVB
·
May 28, 2025

ထိုင်းမြောက်ပိုင်း ကမ်ဖိုင်ဖစ်ခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၅ ယောက်နဲ့ မြန်မာနိုင်ငံသား ၄ ယောက် စုစုပေါင်း ၉ ယောက်ကို ဖမ်းဆီးရမိတယ်လို့ naewna ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မေ ၂၆ ရက်က နယ်မြေထဲမှာ တရားမဝင်အလုပ်သမားတွေ ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရထားတာကြောင့် CIB ဗဟိုရဲတပ်ဖွဲ့၊ အဝေးပြေးလမ်းလုံခြုံရေးရဲတပ်ဖွဲ့နဲ့ နယ်မြေခံရဲတွေဟာ ကမ်ဖိုင်ဖစ်ခရိုင် ဘန်ဆီလားထောင်းန်မြို့နယ် နောင်ဖိုင်ရပ်ကွက်ရှိ အမြန်လမ်းမကြီး အမှတ် ၁၂၄၂ ပေါ်မှာ ယာဉ်အသွားအလာတွေ စောင့်ကြပ်စစ်ဆေးရာမှာ   အလေးချိန် ပိုမိုတင်ဆောင်လာဟန်ရှိတဲ့ အနက်ရောင် မစ်ဆူဘီရှီတိုယိုတာ ကားတစီး ဝင်ရောက်လာပြီး တာဝန်ရှိသူတွေက စစ်ဆေးဖို့ ရပ်မိန့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ယာဉ်မောင်းသမားက ကားကိုရပ်တန့်ပြီး တံခါးဖွင့်ကာ အနီးရှိ တောအုပ်ထဲ ပြေးဝင်သွားကြောင်း၊ ကားရှေ့ခန်းမှာ စီးနင်းလိုက်ပါလာတဲ့ တရုတ်နိုင်ငံသား ၅ ယောက်ထဲက ၂ ယောက်မှာ နိုင်ငံကူးလက်မှတ် ရှိပေမဲ့ ဗီဇာသက်တမ်း ကုန်နေတယ်၊ ကျန် ၃ ယောက်ကတော့ ဘာအထောက်အထားမှ မရှိကြောင်း၊ သူတို့တွေဟာ လာအိုနိုင်ငံကနေ နယ်စပ်တောလမ်းကနေ ဝင်ရောက်လာပြီး ဘန်ကောက်သွားဖို့ အဲဒီကားနဲ့ လိုက်လာခဲ့တာလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက ကားနောက်ခန်းကို ဆက်လက်စစ်ဆေးရာမှာ အပေါ်မှာ သီးနှံခြင်းတွေ တင်ထားပေမဲ့ အောက်ထပ်မှာတော့ လူတွေ ပုန်းအောင်းလိုက်ပါလာတယ်၊ အမျိုးသား ၄ ယောက် ဖြစ်ပြီး မြန်မာနိုင်ငံသားတွေလို့ ဆိုပါတယ်။ သူတို့မှာလည်း ဘာအထောက်အထားမှမရှိဘဲ တောလမ်းကနေ ဝင်ရောက်လာကာ ဘန်ကောက်သွားဖို့ လိုက်လာတာလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက သူတို့ ၉ ယောက်လုံးကို လူဝင်မှုကြီးကြပ်ရေးဥပဒေတွေနဲ့ အရေးယူဖို့ ဖမ်းဆီးထားသလို ထွက်ပြေးသွားတဲ့ ကားသမားနောက်ကိုလည်း လိုက်လံစုံစမ်းရှာဖွေနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Source: naewna

တရုတ်
ထိုင်း
တရားမဝင်အလုပ်သမား

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013