Home
မြန်မာသတင်း
နေ့စားခတိုးပေးရန် ဆန္ဒပြတောင်းဆိုနေသည့် GTIG 2 အထည်ချုပ်စက်ရုံ ပြေလည်မှုရ
DVB
·
May 28, 2025

အခြေခံနေ့စားလုပ်ခ တရက်ကို ၃ ဒေါ်လာနဲ့ အထက်ပေးဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ GTIG 2 အထည်ချုပ်စက်ရုံ အလုပ်သမားတွေ အလုပ်ရှင်နဲ့ ပြေလည်မှု ရရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။

ရန်ကုန်တိုင်း ဝါးတရာစက်မှုဇုန်အတွင်းမှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် GTIG Guohua Glory (GTIG 2) အထည်ချုပ်စက်ရုံ လုပ်သားတွေက အခြေခံလုပ်ခလစာ ၁၃,၀၀၀ ကို တိုးမြှင့်ပေးရေးအတွက် ဆန္ဒပြတောင်းဆိုရာ တနေ့လုပ်ခ Day ကြေး ၁၁,၅၀၀ ကျပ်နဲ့ အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ မေ ၂၃ ရက် ညနေပိုင်းမှာ (Iron section အတွက်) အပူခံကြေး ၁၀,၀၀၀ ကျပ်သာ တိုးပေးတဲ့ကိစ္စက စတင်ပြီး အခြေခံ နေ့စားခနဲ့ အချိန်ပိုကြေးတွေ တိုးပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြတာပါ။

စက်ရုံ ၂ ရဲ့ အလုပ်သမားတွေက တစုတစည်းတည်း ၃ ရက်ကြာ တောင်းဆိုဆန္ဒပြခဲ့ရာ ရုံပိတ်ထားတာ စာထုတ်တာတွေ ရှိခဲ့ပေမဲ့ မေ ၂၆ ရက် ညနေပိုင်းမှာတော့ နှစ်ဦးနှစ်ဖက် ပြေလည်မှုရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။

GTIG 2 မှ အလုပ်သမားတယောက်က “နောက်ဆုံးမှာ ကျပ် ၁၁,၅၀၀ နဲ့ အဆင်ပြေသွားတယ်ဗျ။ ၁၁,၅၀၀ ကို ခံစားခွင့်အပြည့်နဲ့၊ ခွင့်ရက်တွေဆိုလည်း ၁၁,၅၀၀ အပြည့်ရမယ်ပေါ့။ စက်ရုံတွေထဲမှာဆို တိုတောင်းတဲ့ ညှိနှိုင်းမှုလို့ပဲ မြင်မိပါတယ်။ တချို့စက်ရုံတွေဆို ရက်တွေ အကြာကြီးကြာတယ်။ ကျနော်တို့မှာတော့ ဆန္ဒပြလိုက်တာ သူတို့ဘက်ကလည်း တအားကြီး တင်းမခံခဲ့ဘူး။ ဝန်ထမ်းတွေဘက်ကျတော့လည်း လိုချင်တဲ့ပမာဏနဲ့ အနီးစပ်ဆုံးရအောင် တောင်းဆိုပြီး အဆင်ပြေသွားတယ်ပေါ့။ အဓိကကတော့ ကျနော်တို့ဝန်ထမ်းတွေ စည်းလုံးခဲ့လို့ပေါ့၊ ကျနော်တို့ တောင်းဆိုနေရတဲ့အချိန်မှာ ဝန်ထမ်းတွေ စည်းစည်းလုံးလုံးနဲ့ အားလုံးပါဝင်အားဖြည့်ကြလို့ ရလဒ်ကောင်းတွေ ရတာပေါ့။ အဲဒါကြောင့် တခြား တောင်းဆိုနေတဲ့ စက်ရုံတွေကလည်း စည်းစည်းလုံးလုံးနဲ့ ကိုယ်လိုချင်တဲ့ ပန်းတိုင်တခု ရောက်အောင်သွားဖို့ တိုက်တွန်းချင်ပါတယ်” လို့ ပြောပါတယ်။

နေ့စားခ တရက်ကို ၁၁.၅၀၀ (ဥပဒေပါ ခံစားခွင့်အပြည့်) အချိန်ပိုကြေး ၂,၁၀၀၊ အပူခံကြေး ၁၅,၀၀၀ နဲ့ နှစ်ကြေး ၁၁၅,၀၀၀ တို့နဲ့ ပြေလည်မှုရရှိခဲ့တာလို့ သိရပါတယ်။

အခုလို ပြေလည်မှုရရှိခဲ့တာက အလုပ်သမားတွေရဲ့ စည်းလုံးတဲ့ တောင်းဆိုချက်တွေနဲ့ ညှိနှိုင်းတတ်မှုတွေကြောင့် ဖြစ်တယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်-မြန်မာ STUM ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။

“သမဂ္ဂစိတ်ဓာတ်နဲ့ သူတို့လုပ်သွားတဲ့အတွက် ကျမကတော့ ချီးကျူးတယ်။ ဒီဟာကို အလုပ်သမားကိစ္စတွေကျတော့ အသံနားထောင်ရတယ် moment ကြည့်ရတာကိုး။ ဒီ moment တွေ ဒီအသံတွေကို ကျန်တဲ့စက်ရုံတွေက အတုယူစေချင်တယ်၊ ချီးလည်းချီးကျူးတယ်၊ ဂုဏ်လည်း ဂုဏ်ယူပါတယ်။ တသံတည်း ထွက်ဖို့ဆိုတာ အလုပ်သမားလောကမှာ ခက်တယ်။ ၁၂,၀၀၀ ရမှ ရပ်မယ်လို့ ဆုံးဖြတ်တယ်ဆိုရင် မနေ့ကပွဲက မဖြစ်လာဘူးပေါ့။ ဒီလောက်တော့ ငါတို့ ရပ်တော့မယ်လို့ တွေးနိုင်တယ်။ အားလုံးက အတူတူ တသံတည်း ဖြစ်သွားတဲ့အတွက် ကျမကတော့ သူတို့ကို ချီးကျူးပါတယ်။”

Guohua Glory စက်ရုံဝင်းထဲမှာ GTIG စက်ရုံငယ်ပေါင်း ၄ ခုရှိပြီး ဝန်ထမ်း ၁,၀၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ ONLY နဲ့ Bestseller ဘရန်းတွေ ချုပ်လုပ်တဲ့ စက်ရုံတခုလည်းဖြစ်ပြီး အခုလို သဘောတူညီချက်က ဇွန် ၁ ရက်ကစပြီး အသက်ဝင်မှာဖြစ်ကြောင်း သိရပါတယ်။

ဒီကနေ့ မေ ၂၇ ရက် မနက်မှာတော့ GTIG U&G ရုံ - ၁ က လုပ်သားတွေကလည်း အခြေခံ လုပ်ခလစာ Day ကြေး ကျပ် ၁၃,၀၀၀ တိုးမြှင့်ပေးဖို့၊ အချိန်ပိုကြေး ကျပ် ၃,၀၀၀ တိုးပေးဖို့နဲ့ ဥပဒေပါ ခံစားခွင့်တွေကိုလည်း ကျပ် ၁၃,၀၀၀ သတ်မှတ်ပေးဖို့ အချက် ၃ ချက်ကို တောင်းဆိုနေကြကြောင်း STUM ကနေ သိရပါတယ်။

လက်ရှိ အာဆီယံဒေသတွင်း နိုင်ငံတွေရဲ့ တရက် အခြေခံလုပ်ခလစာတွေထဲ မလေးရှားနိုင်ငံက ၁၁ ဒသမ ၄၈ ဒေါ်လာနဲ့ အမြင့်ဆုံးဖြစ်ပြီး ထိုင်းနိုင်ငံကတော့ ၁၀ ဒသမ ၈၁ ဒေါ်လာနဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့ အစဉ်လိုက်ရှိနေပြီး မြန်မာနိုင်ငံမှာတော့ ၂ ဒသမ ၉၅ ဒေါ်လာနဲ့ အနိမ့်ဆုံးမှာ ရှိနေပါတယ်။

ဝေဝေ

ဆန္ဒပြ
အလုပ်သမား
အထည်ချုပ်စက်ရုံ
နေ့စားခ
GTIG2

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013