Home
မြန်မာသတင်း
အနိမ့်ဆုံးလုပ်ခလစာ တရက်ကို ၃ ဒေါ်လာနှင့် အထက်ရရန် အလုပ်သမားများ အလိုရှိ
DVB
·
May 27, 2025

မြန်မာနိုင်ငံမှာ အခြေခံစက်ရုံ အလုပ်ရုံ အလုပ်သမားတွေရဲ့ အခြေခံ လုပ်ခလစာ တရက်ကို အနိမ့်ဆုံး ကျပ် ၁၂,၀၀၀ (၃ ဒေါ်လာနဲ့အထက်) ရဖို့ အလုပ်သမားတွေအနေနဲ့ အလိုရှိနေကြပါတယ်။

လက်ရှိ အခြေခံလုပ်ခလစာက တရက်ကို ကျပ် ၆,၈၀၀ သတ်မှတ်ထားပေမဲ့ ပြည်တွင်းက နာမည်ကြီး Brand အထည်ချုပ် တချို့စက်ရုံတွေကတော့ ကျပ် ၉,၀၀၀ ကနေ ၁၀,၀၀၀ အထိ တိုးမြှင့်ပေးတာမျိုးလည်း ရှိပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အခြေခံကုန်ဈေးနှုန်းတွေ မြင့်တက်လာမှုကြောင့် အခြေခံလစာကို တရက် အမေရိကန်ဒေါ်လာ ၃ ဒေါ်လာနဲ့အထက်ပေးဖို့ တောင်းဆိုနေတဲ့အကြောင်းကို GTIG Guohua Glory (GTIG 2) အထည်ချုပ်စက်ရုံ အလုပ်သမားတယောက်က ပြောပါတယ်။

“အနိမ့်ဆုံးလုပ်ခ လစာဆိုတာလည်း ၃ ဒေါ်လာ မပြည့်ဘူးပေါ့နော်။ ကျနော်တို့က အဘက်ဘက်က တွေးပြီးတော့မှ ဒီပမာဏလေးတခုကို သတ်မှတ်ကြတာပေါ့ အကုန်လုံးက။ တကယ်တော့ အဲဒီလောက်က ကျနော်တို့ အလုပ်သမားတွေအတွက် လုံးဝအဆင်မပြေဘူးပေါ့၊ ဒီပမာဏလေးတခု ရသွားပြီဆိုရင်တောင် ကုန်ဈေးနှုန်းက လက်ရှိဈေးထက် ပိုတက်လာဖို့ပဲရှိမှာ။ အဲဒီတော့ ကျနော်တို့အနေနဲ့က ဘယ်လောက်ပဲ လစာတွေ တိုးတောင်းပါစေ၊ ဝန်ထမ်းတွေ လစာတိုးလာပါစေ၊ ကုန်ဈေးနှုန်းက မငြိမ်သရွေ့ လစာထက်ပိုပြီး တက်နေသရွေ့ကတော့ ဝန်ထမ်းတွေဘဝက ဒုံရင်းက ဒုံရင်းပဲ ဖြစ်နေဦးမှာပဲ။ အဲဒီတော့ ကျနော်တို့ လက်ရှိ သတ်မှတ်ထားတဲ့ လုပ်ခလစာအပေါ်ကိုမှ ပြောင်းလဲသည်ရှိအောင် စက်ရုံတိုင်း စက်ရုံတိုင်း နီးပါးမှာ ၃ ဒေါ်လာနဲ့အထက် အနည်းဆုံး အခကြေးငွေကို ပေးဖို့ လိုအပ်နေပြီလို့ မြင်ပါတယ်။”

အလုပ်သမားတွေက တရက်ကို ကျပ် ၁၃,၀၀၀၊ အချိန်ပိုကြေး တနာရီ ကျပ် ၃,၀၀၀ နဲ့ မီးအပူခံကြေး (Iron Section) ကျပ် ၆၀,၀၀၀ စတာတွေ တောင်းဆိုထားပြီး စက်ရုံဘက်ကတော့ တရက်ကို အခြေခံ လုပ်ခလစာ ကျပ် ၁၀,၅၀၀ ပေးမှာဖြစ်ကြောင်းနဲ့ ကျပ် ၁၃,၀၀၀  ပေးရမယ်ဆို အချိန်ပိုမရှိကြောင်း ပြန်လည်တုံ့ပြန် ပြောဆိုထားပါတယ်။

မြန်မာရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆို အခြေခံအလုပ်သမားတွေရဲ့ တရက်လုပ်ခလစာက တရက်ကို ၃၇၂ ဘတ်ကနေ ၃၈၀ အထိ ရရှိနေပြီး မြန်မာကျပ်ငွေနဲ့ဆို တရက်ကို ကျပ် ၅၀,၀၀၀ နီးပါး ရရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၁ ရက်နောက်ပိုင်းမှာ Brand အထည်ချုပ်စက်ရုံ အလုပ်ရုံတွေဘက်က အခြေခံလုပ်ခလစာတွေ တိုးမြှင့်ပေးခဲ့တာမျိုး ရှိပေမဲ့ ပြည်တွင်းလူသုံးကုန်ပစ္စည်း စက်ရုံတွေကလွဲပြီး Brand အထည်ချုပ်စက်ရုံတိုင်းလိုလိုရဲ့ အခြေခံလုပ်ခလစာက ၃ ဒေါ်လာနဲ့အထက် (ကျပ်ငွေ ၁၂,၀၀၀ နဲ့အထက်) က အသင့်လျော်ဆုံးဖြစ်တယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) ရဲ့ ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးက အကြံပြုပါတယ်။

“၉,၀၀၀ တို့ ၁၀,၀၀၀ တို့ ပေးထားတဲ့ စက်ရုံတွေရှိတယ်၊ ၁၀,၀၀၀ ရဲ့ အထက် ဆိုတာကတော့ ဒီနှစ် မေဒေးရဲ့ နောက်ပိုင်းမှာ လုပ်ခလစာတိုးမြှင့်ပြီး ခေါ်တဲ့စက်ရုံတွေက ၁၃,၀၀၀ တို့ ၁၄,၀၀၀ တို့ ၁၂,၀၀၀ လောက် ပေးခေါ်တာတွေရှိတယ်။ လက်ရှိ ဒေါ်လာဈေးဆိုရင်တော့ ၃ ဒေါ်လာ၊ ၃ ဒေါ်လာနဲ့ အထက်ပေါ့။ အနိမ့်ဆုံးလုပ်ခလစာက ၃ ဒေါ်လာနဲ့ကို အောက်ခံထားပြီးတော့ တောင်းကြတာဆိုတော့ အခု ဒီ ၁၃,၀၀၀ ဆိုတာကလည်း ဒီအပေါ်မှာ အခြေတည်ပြီး ဖြစ်လာတာလို့ ကျမအနေနဲ့ သုံးသပ်တယ်။ ပြီးတော့ Brand တွေဘက်ကတော့ ဒီနှုန်းက သဘောထားကျပြီးသွားပြီ ဖြစ်ရမယ်။ ဘာလို့လဲဆိုတော့ ရှေ့မှာ ချန်းရီက ၁၂,၀၀၀ နဲ့ ပြတ်သွားတာဆိုတော့ ဒီပမာဏကတော့ သူတို့တွေ သဘောထားကျပြီးသားလို့ ကျမတော့ နားလည်ထားတယ်၊ ၁၂,၀၀၀ ကတော့  မျှတတယ်လို့ ကျမအနေနဲ့ မြင်တယ်။”

စစ်ကောင်စီ စက်မှုဝန်ကြီးဌာနရဲ့ စာရင်းတွေအရ နိုင်ငံတဝန်း မှတ်ပုံတင်ထားတဲ့ ပုဂ္ဂလိက စက်မှုလုပ်ငန်းပေါင်း ၄၈,၁၄၃ ခုရှိပြီး အလုပ်သမားဦးရေ စုစုပေါင်း ၁ သန်းနီးပါး (၉၈၁,၅၈၉ ဦး) ရှိပါတယ်။

ယူကေနိုင်ငံအခြေစိုက် နိုင်ငံတကာ အလုပ်သမားအခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ Business & Human Rights Resource Centre (BHRRC) ရဲ့ အချက်အလက်တွေအရ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအထိ အထည်ချုပ်လုပ်သားတွေ အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ဖြစ်စဉ်ပေါင်း ၆၆၅ ခုအထိရှိပြီး ထိခိုက်နစ်နာခဲ့ရတဲ့ အလုပ်သမားတွေဟာ နာမည်ကြီးကုန်ပစ္စည်းအမှတ်တံဆိပ်တွေ အပါအဝင် နိုင်ငံတကာဖက်ရှင် အမှတ်တံဆိပ်နဲ့ လက်လီရောင်းချသူ အနည်းဆုံး ၁၈၇ ခုအတွက် ထုတ်လုပ်နေတဲ့၊ ထုတ်လုပ်ခဲ့တဲ့ စက်ရုံပေါင်း ၃၀၄ ခုမှာ လုပ်ကိုင်နေကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဝေဝေ

အလုပ်သမား
လုပ်ခလစာ
အထည်ချုပ်စက်ရုံ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013