Home
မြန်မာသတင်း
လုပ်ခလစာတိုးမြှင့်ရေး ဆန္ဒပြသူများကို လစာဖြတ်တောက်မည်ဟု စက်ရုံက ထုတ်ပြန်
DVB
·
May 26, 2025

ရွှေပြည်သာမြို့ ဝါးတရာစက်မှုဇုန်ရှိ GTIG Guohua Glory (GTIG 2) အထည်ချုပ်စက်ရုံမှာ အခြေခံလုပ်ခလစာနဲ့ အချိန်ပိုကြေး တိုးမြှင့်ပေးဖို့ လုပ်ငန်းတွေရပ်နားပြီး တောင်းဆိုနေကြတဲ့ စက်ရုံအလုပ်သမားတွေကို စက်ရုံ လုပ်ငန်းခွင် မဝင်ရောက်ပါက လုပ်ခလစာ ဖြတ်သွားမယ်လို့ ဒီကနေ့ မေ ၂၆ ရက်မှာ သတိပေးစာပို့လာတဲ့အကြောင်း Solidarity of Trade Union Myanmar က ထုတ်ပြန်ပါတယ်။

စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ/ ခုံသမာဓိ အဖွဲ့ဝင် လုပ်ငန်းရှင်ကိုယ်စားလှယ် ဦးစိုးလွင် ဆိုသူ လာရောက်ပြီးနောက်မှ အခုလို လုပ်ငန်းခွင်ဝင်ဖို့ ဖိအားပေး အကြောင်းကြားလာတာပါလို့ ဆိုပါတယ်။ ဒါ့အပြင် စက်ရုံဘက်ကနေ အခြေခံလုပ်ခလစာ တနေ့လုပ်ခ ၁၀,၅၀၀ ကျပ်သာ ပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။

မေလ ၂၆ ရက်နေ့ စက်ရုံဘက်က ထုတ်ပြန်လာတဲ့ ထုတ်ပြန်ချက်ထဲမှာတော့ “စက်ရုံဝန်ထမ်းတွေအနေနဲ့ ၂၄-၀၅-၂၀၂၅ ရက်နေ့က စတင်ပြီး သတ်မှတ်ထားတဲ့ အလုပ်ချိန်အတွင်း လုပ်ငန်းတွေကို ရပ်တန့်ပြီး ထုတ်လုပ်မှု ပမာဏ မရှိတော့တဲ့ အလုပ်ချိန်နဲ့ နေ့ရက်တွေအတွက် လုပ်ခလစာတွေကို ဥပဒေနဲ့အညီ ဖြတ်တောက်သွားမယ်” ဆိုပြီး ပါရှိပါတယ်။

ဒါအပြင် လုပ်ငန်းလည်ပတ်နေတဲ့ အခြေအနေ မူတည်ပြီး အချိန်ပိုခေါ်ယူမယ့် ကိစ္စကို ပြန်လည်ကြေညာပေးမှာဖြစ်ပြီး ဖယ်ရီကားတွေကိုလည်း အလုပ်ချိန်ပြီးဆုံးကြောင်း ကြေညာတဲ့ အချိန်မှသာ အသုံးပြုရမယ်လို့ သတိပေးကြေညာစာထဲမှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ မေ ၂၃ ရက်က အခြေခံလစာ တနေ့လုပ်ခ ၁၃,၀၀၀ ကျပ်၊ အချိန်ပိုကြေး ၃,၀၀၀ ကျပ် နဲ့ မီးအပူခံကြေး ၆၀,၀၀၀ ကျပ်ကို တိုးမြှင့်ပေးဖို့ လုပ်ငန်းရပ်တန့်ပြီး တောင်းဆိုခဲ့ကြတာပါ။

GTIG Guohua Glory အထည်ချုပ်စက်ရုံက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့ ဝါးတရာစက်မှုဇုန်မှာ ဖွင့်လှစ်ထားပြီး စက်ရုံဝန်ထမ်း ၁,၀၀၀ ကျော်နဲ့ လည်ပတ်နေတာပါ။

ကေခိုင်

လုပ်ခလစာ
လစာဖြတ်တောက်
ဝါးတရာစက်မှုဇုန်
GTIG GUOHUA GLORY

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013