Home
အနုပညာ
ဖြူဖြူကျော်သိန်း၏ တိုကျိုမြို့ ဂီတဖျော်ဖြေပွဲမှ လက်မှတ်ရောင်းရငွေ ဂျပန်ယန်း သန်း ၆၀ ကျော်ရရှိ (ဓာတ်ပုံ) 
DVB
·
May 26, 2025

တော်လှန်အနုပညာရှင် အဆိုတော် ဖြူဖြူကျော်သိန်းရဲ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ဂီတဖျော်ဖြေပွဲကနေ လက်မှတ်ရောင်းရငွေ ဂျပန် ယန်းငွေသန်း ၆၀ (အမေရိကန်ဒေါ်လာ ၄ သိန်းကျော်)  ရောင်းချခဲ့ရတယ်လို့  ပွဲကျင်းပရေးကော်မတီကနေ သိရပါတယ်။

တိုကျိုမြို့ရှိ ကမ္ဘာ့အဆင့်မီ Arina ခန်းမကြီးမှာ အဆိုတော်ဖြူဖြူကျော်သိန်းက Phyu Phyu in Japan အမည်နဲ့ နွေဦးတော်လှန်ရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို မေ ၂၅ ရက်ညက ကျင်းပခဲ့တာပါ။

ပွဲဝင်ခွင့်လက်မှတ် ယန်းငွေသန်း ၆၀ (အမေရိကန်ဒေါ်လာ ၄၁၂,၀၀၀ ခန့်) ရောင်းချခဲ့ရပြီး ဖြူဖြူကျော်သိန်း တီးခတ်ခဲ့တဲ့ ဂစ်တာကို ယန်း ၃ သန်းနဲ့ လေလံတင် ရောင်းချနိုင်ခဲ့သလို တခြားအလှူငွေတွေ ယန်းငွေ သောင်း ၁၃၀ လောက် ရရှိခဲ့တယ်လို့ ပွဲကျင်းပရေးကော်မတီဝင် ကိုဘန်နီက ပြောပါတယ်။

မြန်မာအနုပညာရှင်ထဲမှာ အခုလို နိုင်ငံတကာအဆင့်မီ ခန်းမကြီးမှာ မြန်မာနိုင်ငံသား ၇,၀၀၀ ကျော်ကို ဖျော်ဖြေမှုဟာ ပထမဆုံးဖြစ်တဲ့အတွက် မှတ်တမ်းတင်ရမယ်လို့လည်း ပွဲစီစဉ်သူတွေက ဆိုပါတယ်။

အဆိုတော် ဖြူဖြူကျော်သိန်းကတော့ “ဖြူဖြူသာ ဒီလမ်းကို မရွေးချယ်ခဲ့ရင် ဒီလို ကမ္ဘာကျော်  တိုကျိုမြို့က Arina ထိပ်တန်းခန်းမကြီးမှာ ဆိုဖြစ်မှာမဟုတ်ဘူး။ ဒီလိုနေရာမျိုးမှာ ရင်ဘတ်တူသူ မြန်မာနိုင်ငံသားတွေ တွေ့မှာလည်းမဟုတ်ဘူး။ နောက်ထပ်ပြောချင်တာက ဖြူဖြူအနေနဲ့ တော်လှန်ရေးလမ်းအဆုံးအထိ ဆက်ရှိနေမယ်လို့လည်း ကတိပြုတယ်” လို့ ပွဲအစမှာ ပြောပါတယ်။

ဖြူဖြူကျော်သိန်းရဲ့ အခုဂျပန်ခရီးစဉ်မှာ ဖျော်ဖြပွဲ တပွဲတည်းသာ ကျင်းပတာလည်း ဖြစ်တဲ့အတွက် တိုကျိုမြို့ကနေ ဝေးကွာတဲ့ ဂျပန်နိုင်ငံတဝန်း ဒေသအသီးသီးက မြန်မာနိုင်ငံသားတွေ လာရောက်အားပေးခဲ့ကြတာကို မြင်တွေ့ရပါတယ်။

ဒီပွဲကရလာတဲ့ ရန်ပုံငွေတွေကို နွေဦးတော်လှန်ရေးအတွက်သာမက ငလျင်ဘေးဒဏ်ခံခဲ့ရတဲ့ မြန်မာပြည်သူတွေအတွက်လည်း ပေးပို့လှူဒါန်းမှာဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။

အဆိုတော် ဖြူဖြူကျော်သိန်းဟာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်ခဲ့တဲ့ အနုပညာရှင်ဖြစ်တဲ့အတွက် စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဧပြီလမှာ  ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ မတရား အမှုဖွင့် ကြေညာခံထားရသူ ဖြစ်ပါတယ်။

ဖမ်းဝရမ်းထုတ်ခံရထားပြီးနောက်မှာ ဖြူဖြူကျော်သိန်းဟာ ပြင်သစ်နိုင်ငံမှာ သွားရောက်နေထိုင်နေပြီး ယူကေ၊ ကိုရီးယား စတဲ့နိုင်ငံတွေမှာလည်း ရန်ပုံငွေရှာဖွေတဲ့ ဂီတဖျော်ဖြေပွဲတွေကို ကျင်းပခဲ့ပါတယ်။

ဇော်ဇော်လှိုင်

တိုကျို
ဂီတဖျော်ဖြေပွဲ
ဖြူဖြူကျော်သိန်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013