Home
မြန်မာသတင်း
စစ်ကောင်စီရန်ကြောင့် မြေပြင်ကျောင်းများအားလုံးပိတ်ရန် NUG ညွှန်ကြား
DVB
·
May 26, 2025

စစ်ကောင်စီရဲ့ ပစ်မှတ်ထားတိုက်ခိုက်တာတွေကြောင့် မြေပြင်မှာဖွင့်လှစ်ပညာသင်ကြားနေတဲ့ အခြေခံပညာ ပြည်သူ့အခြေပြုပညာရေးကျောင်းတွေ၊ အဆင့်မြင့်ပညာကျောင်းတွေနဲ့ သက်မွေးပညာ ကျောင်းအားလုံး ယာယီပိတ်ထားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက မေ ၂၅ ရက် ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော်အာဏာကို စစ်တပ်ကမတရားသိမ်းပိုက်ပြီးချိန်ကစလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနဟာ ကလေးလူငယ်တွေ ပညာသင်ကြားခွင့်မဆုံးရှုံးစေရေးအတွက် ကြားကာလပညာရေးကို နည်းလမ်းမျိုးစုံနဲ့ ဖော်ဆောင်သင်ကြားပေးနေပေမယ့် စစ်ကောင်စီကတော့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေစတဲ့ လူစုလူဝေးရှိရာနေရာတွေကို နည်းမျိုးစုံနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး လူသားတွေအပေါ် စစ်ရာဝတ်မှု (War crimes against humanity) ကို နေ့တိုင်း ဆိုးဆိုးဝါးဝါး ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကလေးတွေ၊ ဆရာ ဆရာမတွေနဲ့ ပြည်သူတွေ ထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံတွေ လုပ်နေစဉ်အတွင်း ကျောင်းတွေအားလုံး ခေတ္တယာယီ ရပ်နားထားဖို့ ညွှန်ကြားလိုက်တာပါ။

ညွှန်ကြားချက်ကို သက်ဆိုင်ရာ အဆင့်ဆင့် တာဝန်ရှိအဖွဲ့အစည်းတွေက ကြီးကြပ်ကူညီပူးပေါင်း ပါဝင်ပေးကြဖို့နဲ့ သင်ကြားသင်ယူမှုစဉ်ဆက်မပြတ်စေရေးအတွက် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ မူဝါဒ လမ်းညွှန်ချက်တွေအတိုင်း လုပ်ပေးဖို့လည်း ထုတ်ပြန်ထားပါတယ်။

ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံတွေဘယ်လောက်ကြာကြာလုပ်ရမယ်ဆိုတာကိုတော့ ပြောထားတာမရှိဘဲ နောက်ထပ်ညွှန်ကြားချက်မထုတ်ပြန်ခင်ထိ ပိတ်ထားဖို့  ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ အခုတလောမှာ စာသင်ကျောင်းတွေကို ပိုတိုက်ခိုက်လာပြီး မေ ၁၂ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အနောက်ခြမ်း အိုးထိမ်းကွင်းမြောက်ရွာမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကြားကာလ ပညာရေးကျောင်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေးတွေအပါအဝင် ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

မေ ၁၄ ရက်နေ့ ညပိုင်းမှာလည်း မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက စာသင်ကျောင်းကို ဗုံးကြဲတာကြောင့် စာသင်ဆောင်နဲ့ လူနေအိမ်တွေပျက်စီးသွားပြီး NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့စာရင်းတွေအရ ပြီးခဲ့တဲ့ ၂ နှစ်ကျော်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ စာသင်ကျောင်း ၂၄၀ ကျော် ပျက်စီးခဲ့ပါတယ်။

Photo : ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ဗုံးကြဲ
ကျောင်း
ပညာရေး
NUG

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013